
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုလောက်မှာ အဆိုးရွားဆုံး ရေဘေးဒဏ် ကြုံတွေ့နေရချိန်မှာပဲ နိုင်ငံတဝန်း မိုးများနိုင်ပြီး နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။
လက်ရှိမှာ ဧရာဝတီ၊ မွန်၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး စတဲ့ တိုင်းနဲ့ပြည်နယ် ၇ ခုက မြို့နယ်တချို့မှာ အဆိုးရွားဆုံး ရေဘေးဒဏ် ခံနေရပြီး လူဦးရေ သိန်းနဲ့ချီကာ အကူအညီ လိုအပ်နေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ စီမံမှု ညံ့ဖျင်းတာကြောင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံတွေ့နေရပြီး အနီးအနားက ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ဟင်္သာတနဲ့ ကျောင်းကုန်းမြို့တွေကိုပါ ရေဘေးက ကျယ်ပြန့်လာနေကာ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
မိုး/ဇလရဲ့ ဒီကနေ့ ဩဂုတ် ၁၁ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းမှာ လာမဲ့ ဩဂုတ် ၁၄ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံတာတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ မိုးလေဝသပညာရှင်တချို့က ခန့်မှန်းထားကြပါတယ်။
လေးမျက်နှာ ဒေသခံတယောက်က “လေးမျက်နှာကတော့ ဒီမနက် ရေနည်းနည်းကျတယ်၊ တပေနီးပါးလောက်ပေါ့။ ဒါပေမဲ့ အိမ်တွေထဲ ဝင်လို့မရသေးဘူး။ ၇ ပေလောက် မြုပ်နေသေးတယ်။ တချို့နေရာတွေ အဲဒီထက် မြင့်တယ်။ ဒါက မြို့ပေါ်မှာ၊ ကျေးရွာတွေမှာကတော့ အခြေအနေ ဆိုးနေတုန်းပဲ။ မိုးက ဆက်ပြီး ကောင်းနေမယ်ဆိုရင် တကျော့ပြန် ရေဘေးကြုံရနိုင်တယ်” လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်နဲ့ ကရင်မှာလည်း သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ ရေဝင်ရောက်တာတွေ ရှိနေပြီး မိုးဆက်ရွာမယ်ဆိုရင် အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အလားတူ မိုး/ဇလရဲ့ မိုးကြီးမဲ့ သတိပေးချက်ထဲ ပါဝင်နေတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ရှမ်းပြည်နယ်တို့မှာလည်း ရေဘေးအန္တရာယ် ကြုံတွေ့နေရပြီး ဒေသခံ သိန်းနဲ့ချီကာ ဒုက္ခရောက်နေကြရပါတယ်။
ကြိုတင်စီမံထားခြင်းမရှိဘဲ ဆည်တွေ ရေဖောက်ချခဲ့လို့ မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကောလင်းနဲ့ ခင်ဦး စတဲ့မြို့နယ်တွေက ကျေးရွာပေါင်း ၃၀၀ ကျော် ရေဝင်နစ်မြုပ်ခဲ့ရပြီး ဒေသခံ ၃ သိန်းဝန်းကျင်လောက် ရေဘေးဒုက္ခ ခံစားနေရတာပါ။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး လေထုမငြိမ်မသက်မှုနဲ့ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းနေတာကြောင့် လာမဲ့ ဩဂုတ် ၁၄ ရက်အထိ တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ မိုးသည်းထန်ပြီး နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ မိုး/ဇလရဲ့ ဒီကနေ့မနက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။










