DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးပြန်လွတ်လာသည့် မြန်မာများကို ၁ ပတ် ၃ ကြိမ်နေရပ်ပြန်ပို့
DVB
·
January 27, 2022
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးပြန်လွတ်လာသည့် မြန်မာများကို  ၁ ပတ် ၃ ကြိမ်နေရပ်ပြန်ပို့
Donate to DVB

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ထောင်ကျပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကို  ၁ ပတ်လျှင် ၃ ကြိမ် ပြန်ပို့ပေးနေရာမှာ ဇန်နဝါရီ ၂၆  ရက်က  အယောက် ၂၀၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့ အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေတဆင့် ပြန်ပို့ခဲ့ပါတယ်။ 

ပြန်ပို့ခံရသူတွေမှာ ပြီးခဲ့တဲ့နှစ်က ပရကျူတ်ခီရီခန်နဲ့ တာ့ခ်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရသူတွေလည်းပါဝင်ပြီး ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်အရရော၊ နှစ်နိုင်ငံချစ်ကြည်ရေး အရ ပြစ်ဒဏ်လျော့ပေါ့ခံရပြီး လွှတ်လာတဲ့သူတွေဖြစ်တယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကိုပြောပါတယ်။ 

“သူတို့ကပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်က အဖမ်းခံရတာ။ တရားမဝင် ဝင်ရောက်မှုနဲ့  ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတယ်။  ဘန်ကောက်အိုင်ဒီစီမှာချုပ်တယ်။ အဲဒီနောက် ထိုင်းဘုရင်ကြီး ရဲ့ မဟာဂရုဏာတော်၊ ထိုင်းအစိုးရရဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှု ၊ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်တွေနဲ့ ထောင်ဒဏ်လျှော့ရက်ရပြီး ၄- ၅ လနဲ့ ပြန်လွှတ်ပေးတာပါ။ နောက်တကြောင်းကတော့ ထိုင်းကိုတရားမဝင်ဝင်လာသူတွေ သူတို့ဖမ်းမိတာ တနေ့ ၁၀၀ ကျော်ရှိတယ်၊ တအားများပြီးထိုင်းနိုင်ငံရဲ့ အချုပ်တွေ၊ ထောင်တွေသာမကဘဲ စစ်တန်း လျားတွေ၊ နယ်ခြားစောင့်တပ် တန်းလျာ၊ ပြည်သူ့စစ်တန်းလျား ဘားတိုက်တွေပါမကျန် အကုန်လုံး တရားမဝင်မြန်မာတွေနဲ့ ပြည့်နေတာဆိုတော့  နေရာမဆံ့တော့ဘူး၊ အဲတော့ စောစောက ပြောတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်သမားသံအရာရှိကိုဆက်သွယ်ပြီး လွှတ်ပေးလိုက်တာပါ။”

ပြန်လွတ်လာတဲ့သူတွေကို မဲဆောက် -မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ မြန်မာဘက်ခြမ်းကလဝက တာဝန်ရှိသူထံအပ်နှံပေးခဲ့တယ်လို့လည်းဆိုပါတယ်။

အရင်ကတပတ်ကို ၁ ကြိမ် စနေ့နေ့တိုင်းလာပို့ပေမယ့် ခုနောက်ပိုင်းမှာတော့ တပတ်ကို ၃ ကြိမ်  တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ စနေနေ့တွေပါ တကြိမ်လျှင် အယောက် ၂၀၀ လာလွှဲပေးတယ်လို့  သိရပါတယ်။ 

ဒါ့အပြင် ထိုင်းတောင်ပိုင်းရနောင်း၊ အနောက်ပိုင်း ပရကျူတ်ခီရီခန်နဲ့ မြောက်ပိုင်း မယ်ဆိုင်မြို့ကနေ ပို့ပေးတာလည်းရှိကာ မဲဆောက်ကနေ ပြန်ပို့ခံရသူတွေဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁ ရက်မှ ယမန်နေ့ထိ ၂၃၈၅၇ ဦးရှိပြီး ဖမ်းဆီးခံရသူကတော့ ၂၀၂၂ ဇန်နဝါရီလမှာတင် အယောက် ၃၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ပြန်ပို့ခံရသူတွေကို မြန်မာအာဏာပိုင်တွေက စစ်ဆေးပြီးမှ နေရပ်ပြန်ပို့ကြောင်း၊ အဲဒီလိုစစ်ဆေးရာမှာ လက်ကိုင်ဖုန်းထဲ အစိုးရကိုတော်လှန်တဲ့၊ ထိခိုက်စေတဲ့ အချက်အလက် ဓတ်ပုံတွေသိမ်းထားတာရှိရင် မလိုလားအပ်တဲ့ပြစ်ဒဏ်တွေ ထပ်ထိနိုင်တာမို့ အိမ်ပြန်ရတဲ့သူတွေ သတိထားရမယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်မငြိမ်မသက်ဖြစ်တာ၊ အသက်အိုး အိမ်လုံခြုံမှုမရှိတာ၊ စားဝတ်နေရေးခက်ခဲလာကြတာတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ နေ့စဉ်ဝင်ရောက်နေပြီး အဖမ်းအဆီးခံနေကြရတာပါ။

ဒီကနေ့မနက်မှာလည်း ထိုင်းအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ကော်လတ်မြို့နယ်ထဲမှာ ၁၃၅ ဦး ၊ ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်ထဲမှာ ၂၃၀ ဦး အဖမ်းခံရပါတယ်။ 

သူတို့တွေဟာ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ မကွေး၊ ထားဝယ်၊ မြိတ်၊ နေပြည်တော်၊ ရခိုင် စတဲ့ဒေသကလာပြီး ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားခ  တယောက် ဘတ် ၁၈၀၀၀ ကနေ ၂၅၀၀၀ ထိပေးခဲ့ရတယ်လို့  ထိုင်းစစ်တပ် Army PR Center သတင်းမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013