
ထိုင်းနိုင်ငံ၊ ပတ္တရားမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကြီးတခုကို စုံစမ်းစစ်ဆေးပြီးနောက် ထိုင်းတရားရေး ဝန်ကြီးဌာနဟာ တနိုင်ငံလုံးမှာရှိတဲ့ အန္တရာယ်ရှိအဆင့် အမှုကြီးတွေနဲ့ ပြစ်ဒဏ်ကျဖူးသူ ၅,၀၀၀ ကျော်ကို အရေးပေါ် ပြန်လည်စစ်ဆေးဖို့ အမိန့်ပေးလိုက်တဲ့အကြောင်း Bangkok Post သတင်းမှာ ဩဂုတ် ၄ ရက်က ဖော်ပြပါတယ်။
ဒီလို ဆောင်ရွက်တာဟာ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူတွေကို စောင့်ကြည့်တဲ့ စနစ်ကို ပိုမိုအားကောင်းလာစေဖို့၊ ပြည်သူ့လုံခြုံရေးကို မြှင့်တင်ဖို့နဲ့ ပြစ်မှု ထပ်မံကျူးလွန်တာတွေ ကို လျှော့ချဖို့ ရည်ရွယ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဒီအမိန့်ဟာ ချွန်ဘူရီခရိုင်၊ ဘန်းလမွန်းဒေသတွင်းက အုန်းခြံတခုအတွင်း ရုရှားနိုင်ငံသား မောင်နှမရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားတာကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ထနာခွန်ပွန်ကာဒ်ထောင် ဦးဆောင်တဲ့ သံသယရှိသူ ၄ ယောက်ကို ဖမ်းဆီးခဲ့အပြီးမှာ ပေါ်ပေါက်လာတာပါ။
စုံစမ်းစစ်ဆေးသူတွေဟာ အမှုတိုးချဲ့ စစ်ဆေးချိန် အနီးအနားမှာ မြှုပ်နှံထားတဲ့ အဖေ၊ အမေနဲ့ ကလေး ထိုင်းမိသားစုဝင် ၃ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။
အကြမ်းဖက်ပြစ်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ထိုင်းနိုင်ငံတရားရေးဝန်ကြီး ရုသ်ဖွန် နာအိုဝရတ်က အကျဉ်းဦးစီးဌာန၊ ခံဝန်စောင့်ကြည့်ရေးဌာနနဲ့ တခြား တရားရေးအဖွဲ့အစည်းတွေက အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ အရေးပေါ် အစည်းအဝေးကျင်းပပြီး ခုလိုပြန်လည်စစ်ဆေးဖို့ ညွှန်ကြားခဲ့တာပါ။
အဆိုပါ ညွှန်ကြားချက်အရ ထိုင်းနိုင်ငံရဲ့ ၂၀၂၂ ခုနှစ် ပြစ်မှုထပ်မံကျူးလွန်မှု ကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားတဲ့ တရားရေးနှင့် လုံခြုံရေးကွပ်ကဲမှုဗဟိုဌာနရဲ့ စောင့်ကြည့်စာရင်းအောက်မှာ လက်ရှိ ရောက်ရှိနေသူ ၅,၀၀၀ လောက်ကို ပြန်လည်ဆန်းစစ်ဖို့ ဝန်ကြီးက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် အကြီးမားဆုံးလို့ ယူဆရသူတွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ ပြည်နယ်အဆင့် အထူးတပ်ဖွဲ့တွေကနေတဆင့် တင်းတင်းကျပ်ကျပ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
Source: Bangkok Post










