DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ်ဟွန်ဆန်နှင့် မြန်မာစစ်ခေါင်းဆောင်ဆွေးနွေး၊ အာဆီယံအထူးသံတမန်လာခွင့်ပြုရန် တိုက်တွန်း (ရုပ်သံ)
DVB
·
January 27, 2022
ဝန်ကြီးချုပ်ဟွန်ဆန်နှင့် မြန်မာစစ်ခေါင်းဆောင်ဆွေးနွေး၊ အာဆီယံအထူးသံတမန်လာခွင့်ပြုရန် တိုက်တွန်း (ရုပ်သံ)
Donate to DVB

အာဆီယံရဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံလာရောက်ခွင့်ပြုဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံ တိုက်တွန်းခဲ့တယ်လို့  ကမ္ဘောဒီးယားအစိုးရအရာရှိတစ်ဦးက ပြောတဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

မစ္စတာ ဟွန်ဆန်ဟာအာဆီယံဥက္ကဋ္ဌအဖြစ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို  ဇန်နဝါရီ ၂၇ ရက်က Video Conferencing နဲ့တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံ ပဋိပက္ခကို ဖြေရှင်းရေးအတွက် သဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ တောင်းဆိုခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် မစ္စတာ ကောက်ကင်ဟောန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မနှစ်က ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေ ဂျာကာတာမှာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီမှုမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို အာမခံရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို ပံ့ပိုးပေးဖို့ စတာတွေ ကတိပြုထားတာပါ။ 

အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို သိပ်မကြာခင်မှာ ပထမဆုံးအကြိမ် လာရောက်နိုင်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့  ဝန်ကြီးချုပ်ဟွန်ဆန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တယ်လို့ မစ္စတာ ကောက်ကင်ဟောန်က ပြောပါတယ်။

ဟွန်ဆန်ဟာ အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မြန်မာအာဏာသိမ်းအုပ်စု အပါအဝင် ဘက်ပေါင်းစုံကို မေတ္တာရပ်ခံခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံရှိ အလိုအပ်ဆုံးသော သူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ အာဆီယံနိုင်ငံတွေကိုလည်း သူနဲ့လာပူးပေါင်းပေးဖို့ ဖိတ်ခေါ်ခဲ့ကြောင်း  မစ္စတာ ကောက်ကင်ဟောန် က ပြောကြားခဲ့ပါတယ်။

ဒီအဆိုပြုချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လို တုံ့ပြန်ခဲ့လဲ ဆိုတာကိုတော့ မစ္စတာ ကောက်ကင်ဟောန် က မပြောခဲ့ပါဘူး။ ဗုဒ္ဓဟူးနေ့ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး မှတ်ချက်တောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုကိုလည်း မြန်မာစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက မဖြေကြားခဲ့ပါဘူး။ 

ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားခေါင်းဆောင်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတချို့ကတော့  ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ စစ်အုပ်စုကို အသိအမှတ်ပြု ထောက်ခံမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှာကို စိုးရိမ်ခဲ့ကြပါတယ်။

ဟွန်ဆန်ဟာ သူတို့တွေ့ဆုံမှု စကတည်းက ရန်လိုမှုတွေ ပေါ်လာခဲ့ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ မစ္စတာ ကောက်ကင်ဟောန်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ သဘောတူညီချက်အတိုင်း ဆောင်ရွက်စေဖို့ အာဆီယံဥက္ကဋ္ဌ မစ္စတာဟွန်ဆန်လည်း ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ အာဆီယံနိုင်ငံတွေအကြား အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဆောင်ရွက်ဖို့လိုတဲ့ အခြေအနေ၊ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ့် အခြေအနေ၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့်အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ၊ ပြည်တွင်း အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးအခြေအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် လာရောက်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013