DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပေါင်း ၃၈၀,၀၀၀ ကျော်ရှိလာ
DVB
·
January 26, 2022
တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပေါင်း ၃၈၀,၀၀၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃၈၀,၀၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကနေ ၂၄ ရက်အထိ ဒေသတွင်း သတင်းအစီရင်ခံစာမှာ ခုလိုဖော်ပြထားတာဖြစ်ပြီး လက်နက်ကြီးအသုံးပြုတာတွေ၊ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့်  ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပိုင် အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးရမှု၊ နေရပ် စွန့်ခွာထွက်ပြေးရမှုတွေလည်း ဆက်တိုက်တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၇ ရက်က ရရှိတဲ့ ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်းမှာ ၁၁၃,၉၀၀ ယောက်၊ ချင်းပြည်နယ်မှာ ၃၃,၈၀၀ ယောက်၊ မကွေးတိုင်းမှာ ၂၀,၁၀၀ ယောက်အပါအဝင် လူဦးရေ ၁၆၇,၈၀၀ လောက်ဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလလယ်ကတည်းကစပြီး နေအိမ်အလုံးပေါင်း ၁,၈၄၀၊ ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် တခြားအရပ်သားပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံး ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ကယားပြည်နယ်မှာ ၉၁,၄၀၀၊ ကရင်ပြည်နယ်မှာ ၇၄,၆၀၀၊ ရှမ်းပြည် နယ်တောင်ပိုင်းမှာ ၄၂,၆၀၀၊ မွန်ပြည်နယ်မှာ ၇,၁၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁,၆၀၀ နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၆၀၀ အပါအဝင် လူဦးရေ ၂၁၇,၉၀၀ လောက်ဟာလည်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ပွဲ‌ရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ မတည်ငြိမ်တဲ့ လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့် မရတာတွေကြောင့် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေအနေနဲ့ အကာအ ကွယ်ပေးရေးဆိုင်ရာဝန်ဆောင်မှုနဲ့ အရေးပေါ်အကူအညီတွေကို လိုအပ်နေသူတွေဆီ ပေး အပ်ဖို့လည်း ခဲယဥ်းနေတယ်လို့ ဆိုပါတယ်။

မတရားစစ်အာဏာသိမ်းမှုကို မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန် မာ့နွေဦးတော်လှန်ရေးဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာတော့ တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက် တင်ဘာ ၇ ရက်မှာ ကြေညာထားခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူ ထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲကျော်အကြာ အကြမ်းဖက် စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၉၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၇၃၇ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013