DVB Logo
Home
မြန်မာသတင်း
ပြည်ပကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း ၈၅၀ ကျော်လျှော့ကျလာ
DVB
·
January 26, 2022
ပြည်ပကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း ၈၅၀ ကျော်လျှော့ကျလာ
Donate to DVB

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၇၇ သန်းရရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ယမန်နှစ်ကာလတူ ကုန်သွယ်မှုပမာဏနဲ့ နှိုင်းယှဉ်ရင် ကန်ဒေါ်လာ သန်းပေါင်း ၈၅၀ ကျော်လျှော့ကျ မှုရှိတာ တွေ့ရပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန်မှ ကန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံနဲ့ သွင်းကုန်မှ ကန်ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ ရှိတာကြောင့် ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၆၇၇ သန်း အသာစီးရရှိထား တယ်လို့  ဒီနေ့ ဇန်နဝါရီ ၂၆ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားတာပါ။

ဒီ့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းဥပဒေပါ မူလလျာထားချက်အရ ပို့ကုန်ကဏ္ဍမှ ကန်ဒေါ်လာ ၁၆၂၀၀ သန်းနဲ့ သွင်းကုန်ကဏ္ဍမှ ကန်ဒေါ်လာ ၁၈၅၀၀ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၄၇၀၀ သန်း ရရှိဖို့ ကနဦးလျာထားတဲ့အကြောင်း ရေးသားထားပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကာလမှာ လုပ်ငန်းတွေလည်ပတ်နိုင်မှု တုံ့ဆိုင်းခဲ့တဲ့တာကြောင့် ပို့ကုန်မှ ကန်ဒေါ်လာ ၁၄၀၀၀ သန်း နဲ့ သွင်းကုန်မှ ကန်ဒေါ်လာ ၁၅၀၀၀ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၉၀၀၀ သန်း သို့ပြင်ဆင်လျာထား ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီ့နောက် ၂၀၂၀-၂၀၂၁ (ယာယီစာရင်း)အရ ပို့ကုန်ဆောင်ရွက်နိုင်မှုမှ ကန်ဒေါ်လာ ၁၅၃၆၃ သန်း နဲ့ သွင်းကုန်မှ ကန်ဒေါ်လာ ၁၄၆၈၆ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၀၀၄၉ သန်း ရရှိခဲ့တာကြောင့် ကုန်သွယ်မှု လျာထားချက်အပေါ် ၁၀၃ ရာခိုင်နှုန်းဆောင်ရွက်နိုင်တယ်လို့လည်း သတင်းစာမှာ အကျယ်တဝင့်ရေးထားတာပါ။ 

ဒါနဲ့ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးက “အခုကိုဗစ်ကာလမှာ ကျနော်တို့က သွင်းကုန်နည်းတယ်လေနော်။ ဒါကြောင့် ပိုငွေပြနေတာလို့ ကျနော်ယူဆတယ်။ အခု ဒါက ကာလတိုပေါ့။ ဒါပေမယ့် ရေရှည်ဆက်သွားရင် ကျနော်တို့ သွင်းကုန်နည်းတာ ဖြစ်ချင်မှဖြစ်မယ်။ နောက်တခုက စကစရဲ့မူကလည်း သွင်းကုန်တွေကို လျှော့ချဖို့ လုပ်နေတယ်။ ဘာလို့လဲဆို ပိုက်ဆံချွေတာဖို့ပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ်။ ရှေ့လျှောက်မှာ အရင်စစ်တပ်အုပ်ချုပ်တဲ့ခေတ်က ပုံစံမျိုးပေါ့။ ရောင်းကုန်ရှိမှ အဲ့က ရတဲ့ ပိုက်ဆံကို အခြေခံပြီး ပြန်သွင်းဆိုတာမျိုးလေ။ ဆိုတော့ ဒီလိုပုံစံမျိုး သွားမယ်ဆိုရင်တော့ ကုန်သွယ်မှုလိုငွေ မရှိဘူးပေါ့နော်။ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုမှာ အမြဲတမ်း ပိုငွေပြမယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆို ကျနော်တို့မှာ ရောင်းကုန်က သိပ်ရှိတာ မဟုတ်ဘူးလေ။ ဆိုတော့ ရောင်းကုန်က သိပ်မရှိတဲ့ အတွက် သွင်းကုန်ကသာ အမြဲတမ်းရှိနေတာ။ ဒါကြောင့် ရှေရှည်က ကုန်သွယ်မှုပိုငွေ အမြဲတမ်းရှိဖို့ဆိုတာက မသေချာဘူး” လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း “အခု သူတို့ပြောတဲ့ဟာက ယာယီစာရင်းပေါ့။ ဒီစာရင်းက ဘယ်လောက်အထိ မှန်ကန်သလဲ ဆိုတာ ကျနော်တို့ မသိနိုင်ဘူးနော်။ ဘာလို့လဲဆို အရင် စစ်တပ်အုပ်ချုပ်တဲ့ခေတ်ကလည်း စာရွက်ပေါ်မှာတာ့ စာရင်းတွေက အပြည့်ပဲ။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာက တခြားစီပဲ။ ဒါက တချက်ပေါ့။ နောက်တချက်က ပို့ကုန်နဲ့ပတ်သက်လို့ ကျနော်တို့ဆီမှာ များများစားစားပို့နိုင်တာက လယ်ယာထွက်ကုန်ဖြစ်တဲ့ (ဆန်၊ပဲ၊ပြောင်း) နဲ့ ရေထွက်ကုန်ပေါ့။ ဒီကဏ္ဍတွေကလည်း ကိုဗစ်ကြောင့် ထိခိုက်မှု ရှိခဲ့တာကို လူတိုင်းအသိပဲ။ ဒါကို ပြန်လည်ထူထောင်ဖို့ မလုပ်ပဲနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အတွက် တောင်သူတွေလည်း သူတို့အလုပ် သူတို့ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူးနော်။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ ပြဿနာရှိလာနိုင်တယ်လို့” ဆိုပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပို့ကုန်နဲ့ သွင်းကုန် ကဏ္ဍ နှစ်ခုစလုံးက ကာလတူယမန်နှစ်အခြေအနေနဲ့နှိုင်းယှဉ်ရင် လျှော့ကျမှု ရှိနေတာတွေ့ရပါတယ်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဇန်နဝါရီ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ ပို့ကုန်တင်ပို့မှု အနေနဲ့ ကန်ဒေါ်လာ ၄၁၉၇ သန်း ရရှိကာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကန်ဒေါ်လာ ၄၆၀၇ သန်း ရရှိခဲ့တာကြောင့် ခြားနားချက်အနေဖြင့် ကန်ဒေါ်လာ ၄၀၉ သန်းလျှော့ကျမှု ရှိပါတယ်။

အလားတူ သွင်းကုန်ကဏ္ဍမှာလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဇန်နဝါရီ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ ကန်ဒေါ်လာ ၄၀၉၇ သန်း ရှိကာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကန်ဒေါ်လာ ၄၅၅၆ သန်း ရှိတာကြောင့် ခြားနားချက်အနေနဲ့ ကန်ဒေါ်လာ ၄၅၉ သန်းလျှော့နေတာပါ။

Photo- မြန်မာ့ဆိပ်ကမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013