DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအကျပ်အတည်း အချိန်မီ မဖြေရှင်းနိုင်ပါက အလုံးစုံပျက်သုဉ်းရေးဆီ ဦးတည်နေဟု ကေအိုင်အို သတိပေး
DVB
·
January 26, 2022
မြန်မာနိုင်ငံအကျပ်အတည်း အချိန်မီ မဖြေရှင်းနိုင်ပါက အလုံးစုံပျက်သုဉ်းရေးဆီ ဦးတည်နေဟု ကေအိုင်အို သတိပေး
Donate to DVB

တိုက်ပွဲကာလကြာရှည်ပြီး အကျပ်အတည်းကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံဟာ အလုံးစုံပျက်သုဉ်းရေးဆီကို ရောက်သွားနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ ထုတ်ပြန်ပြောပါတယ်။

ကေအိုင်အို ဗဟိုကော်မတီအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ရေးနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းအားလုံးနဲ့အတူတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအရပ်ရပ်ကို သိမ်းယူခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူလူထုတို့ရဲ့ နွေဦးတော်လှန်ရေးဟာ ၁ နှစ်ပြည့်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီတို့ရဲ့ ကြိုးပမ်းတာကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီအနေနဲ့ တရားမျှတမှုကို အခြေခံပြီး ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို တန်ဖိုးထားဖို့လည်း လိုတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

အရပ်ဘက်လူထုကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မလုပ်ဖို့၊ ပဋိပက္ခဒဏ်ခံစားနေရသူတွေကို အကာအကွယ်ပေးဖို့၊ အစားအစာလုံခြုံမှု၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကိစ္စတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေရဖို့ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ပိုပြီးထိထိရောက်ရောက်ကူညီပေးကြဖို့ အလေးအနက်တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနဲ့ ၁၃ ကြိမ်မြောက် ကိုယ်လက်အင်္ဂါ မသန်စွမ်း အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့မှာကျင်းပမှာဖြစ်လို့ နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာ စစ်ပွဲတွေ ရပ်တန့်ထားဖို့ တိုက်တွန်းချက်တွေရှိတာကြောင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် အလေးပေး စဉ်းစားရမယ့် အချက်ဖြစ်တယ်လို့ မြင်ကြောင်းလည်း (ကေအိုင်အို) က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013