
ယူကရိန်းနိုင်ငံ နီးပရိုပက်ထရို့ဗ်စ်ခ် ဒေသ၊ ကရီဗီရီးအနီးမှာရှိတဲ့ ရာဒွတ်ရှ်နဲကျေးရွာကို ရုရှားက တိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပြီး ကနဦး အချက်အလက်တွေအရ ဒီတိုက်ခိုက်မှုမှာ မြောက်ကိုရီးယားလုပ် ဒုံးကျည်ကို အသုံးပြုခဲ့တာလို့ သမ္မတ ဇလန်းစကီးက ဇူလိုင် ၃၀ ရက်မှာ ပြောပါတယ်။
ရုရှားက ဒုံးကျည်တစင်းနဲ့ အရပ်သား မိသားစုတစုနေတဲ့ အိမ်တအိမ်ကို ထိမှန်အောင် ပစ်ခတ်ခဲ့လို့ အဖေ၊ အမေနဲ့ ကလေးတွေပါ သေဆုံးခဲ့ရတာကြောင့် စိတ်မကောင်းစွာနဲ့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရသူတွေ အားလုံးအတွက် ဝမ်းနည်းကြောင်း ဇလန်စကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သေချာအောင် ထပ်မံစစ်ဆေးမှာဖြစ်ပေမဲ့ လက်ရှိအချိန်အထိတော့ ဒါဟာ မြောက်ကိုရီးယားလုပ် ပဲ့ထိန်းဒုံးကျည်ပါပဲလို့ သူက ဆိုပါတယ်။
ဇလန်းစကီးက "မော်စကိုက လူယုတ်မာတွေနဲ့ မြောက်ကိုရီးယားက အရူးအာဏာရှင်အစိုးရတို့ ပူးပေါင်းပြီး ဒုံးကျည်တွေ၊ မြောက်ကိုရီးယားစစ်ကူတပ်တွေ ဒီဥရောပမြေပေါ် ကျနော်တို့ရဲ့ နယ်စပ်ကို ရောက်လာတာဟာ ကျနော်တို့ရဲ့ ယူကရိန်းကလေးငယ်တွေကို သတ်ဖြတ်ဖို့အတွက်ပါပဲ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဟာ အဆင့်မြင့်လေကြောင်းကာကွယ်ရေးပစ္စည်းတွေ ပြတ်လပ်မှုနဲ့ ရုန်းကန်နေရတဲ့ အချိန်မှာ ရုရှားဟာ ညတွင်းချင်းတိုက်ခိုက်မှုတခုမှာ ယူကရိန်းကို ဒုံးကျည် ဒါဇင်ပေါင်းများစွာ၊ ဒရုန်းရာပေါင်းများစွာနဲ့ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
Source: Reuters










