DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ် ကျေးရွာပေါင်း ၂၇ ရွာမှ ပြည်သူ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ
DVB
·
January 24, 2022
ကော့ကရိတ်မြို့နယ် ကျေးရွာပေါင်း ၂၇ ရွာမှ ပြည်သူ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ  နှစ်ပတ်တွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့်  ကျေးရွာ ၂၇ ရွာက လူပေါင်း နှစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက စည်းရုံးရေး နှင့် ပြန်ကြားရေးဌာန(ဒူပလာယာခရိုင်က) သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  စစ်ကောင်စီရဲ့ လေယာဉ်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့်လည်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၁၃ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေကတော့  နော်သဇင်ဦး၊ ဒေါ်အေးမြ၊ ဒေါ်မေပေ၊ ဦးငွေရီ၊ နော်မုဒါးချေ၊ နော်အေးမူ၊ မိုးဝသန်၊ မအနွေး၊ မောင်းမရွာသစ် ကျေးရွာနေ စောပန်းအောင်၊ ဦးကွေနု၊ ဦးအလီနဲ့ ကမိုင်ကုန်းရွာနေ တင်ထွန်းနိုင်တို့ဖြစ်ပြီး သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သား ဖိုးပြည့်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်း တပ်စခန်းချထားပြီး ရွာသားပိုင် ပစ္စည်းတွေကို ယူဆောင်တာ၊ နေအိမ်မီးရှို့ဖျက်တာတွေအပြင် ဖမ်းမိတဲ့ရွာသားတွေကို နှိပ်စက်စစ်ဆေးခြင်းတွေ ပြုလုပ်တဲ့အတွက် ကျေးရွာသူကျေးရွာသားတွေဟာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေထဲက အသက် ၁၁၀ ရှိပြီးတဲ့ အဘွားအိုက သူ့ဒီအသက်အရွယ်အထိ စစ်ကြောင့် အခုတကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက်ထွက်ပြေးတိမ်း ရှောင်နေရတာလို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးကလည်း “အခက်အခဲကတော့ အမျိုးမျိုးပဲပေါ့။ မိုးရွာတယ်၊ မအိပ်ရဘူး။ ကလေးတွေဆိုတော့ ဝမ်းလျောဝမ်းပျက် အဲလိုတွေ ကြုံရတယ်။ နေမကောင်းဖြစ်ကြတယ်။ လသားတွေ၊ နှစ်သားတွေ၊ စားရေးသောက်ရေး အိပ်ရေးအကုန်လုံး ခက်ခဲတာပေါ့” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်လာပြီဖြစ်တဲ့အတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကေအန်ယူ သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

photo-ဒူးပလာယာခရိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013