DVB Logo
Home
Lead Story
အာဏာရှင်....
DVB
·
January 24, 2022
အာဏာရှင်....
Donate to DVB

အာဏာရှင်တွေက ဘယ်တော့မှ သူတို့ကိုယ်သူတို့ အာဏာရှင်ပါလို့ မပြော။ တိုင်းပြည်​၏ ဖခင်၊ နိုင်ငံတော်​၏ ထာဝရခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။ အာဏာရှင်နိုင်ငံတွေကို ကြည့်လျှင် အာဏာရှင် အရိပ်လက္ခဏာကို ရုတ်ခြည်း မမြင်တွေ့ကြရ။ မြောက်ကိုးရီးယားလို နိုင်ငံက (Democratic People Republic of Korea) “ဒီမိုကရက်တစ် ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံ” (DPRK) ဟု အမည်ပေးထားသည်။ ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ။ တခါတုန်းက ကမ္ဘောဒီးယား ကွန်မြူနစ်ခေါင်းဆောင် ပိုပေါ့သည်လည်း ကမ္ဘောဒီးယားကို “ဒီမိုကရက်တစ်ကမ်ပူးချား”ဟု အမည်ပြောင်းလဲခဲ့ဖူးသည်။ အာဏာရှင်များက သူတို့ကိုယ်သူတို့ အာဏာရှင်ဟု သတ်မှတ်လေ့မရှိသလို နိုင်ငံတော်ကိုလည်း “ဒီမိုကရက်တစ်” အမည်တွေ ပေးထားတတ်ကြသည်။ 

သည်ဘက်နှစ်တွေမှာ အာဏာရှင်တွေ တကျော့ပြန် ခေါင်းထောင်လာနေသည်ဟု သုံးသပ်ရေးသားမှုတွေ ရှိလာသည်။ ဒီမိုကရေစီ ကျဆုံးလာခြင်းများနှင့်အတူ အာဏာရှင်တွေ တကျော့ပြန် ခေါင်းထောင်လာသည်။ စစ်အေးခေတ်ကြီး ပြီးဆုံးသွားတော့ အာဏာရှင်နိုင်ငံတွေ ငြိမ်သက်သွားသည်။ ခေါင်းလျှိုးသွားကြသည်။ တကယ်တော့ လုံးဝ ငုပ်လျှိုးသွားတာ မဟုတ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားတော့ လစ်ဘရယ်ဒီမိုကရေစီ အောင်ပွဲခံပြီ ထင်မှတ်ခဲ့ကြသည်။ တကယ့်တကယ်တော့ မဟုတ်။ ရုရှားသည် ပူတင်​၏ ဦးဆောင်မှုအောက်တွင် (Authoritarian rule) အာဏာရှင်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းခဲ့သည်။ ဆိုဗီယက်ဟောင်း၊ ရုရှား​၏ အရန်နိုင်ငံများတွင် အာဏာရှင်တချို့ ကျန်ရစ်သည်။ (လူကာရှန်ကို- ဗီလာရုစ်) (နာဇာဘာယက်ဗ်-ကာဇက်စတန်)။ ယခု ယူကရိန်းက လှုပ်နေသည်။ အနောက်အုပ်စု လိုလားသော ဒီမိုကရက်တစ် အင်အားစုများနှင့် ရုရှား ဦးခိုက်သော အာဏာရှင်အုပ်စု။ 

အပေါ်ယံအားဖြင့် ရုရှားသည် ဆိုဗီယက်ကွန်မြူနစ်မှ ရုရှားဖက်ဒရေးရှင်းအဖြစ်  ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းသွားခဲ့သော်လည်း ယခုချိန်ထိ အာဏာရှင်အုပ်ချုပ်ရေး အသက်ဝင်ဆဲ ဖြစ်သည်။ 

ဆိုဗီယက်လွန် သမ္မတယဲ့လ်ဆင်​၏ ကသောင်းကနင်းနှစ်များအပြီး ပူတင် အာဏာရခဲ့သည်။ ဆိုဗီယက်ထောက်လှမ်းရေး (ကေဂျီဘီ) အရာရှိဘဝမှ ၁၉၉၉ ခုနှစ်တွင် ဝန်ကြီးချုပ်။ ထိုမှတဆင့် သမ္မတအဖြစ် ၂၀၀၄ ခုနှစ်အထိ ရွေးကောက်ခံရပြီး ဒုတိယသက်တမ်း ၂၀၀၈ အထိ ထပ်မံ ရွေးကောက်ခံရသည်။ ဖွဲ့စည်းပုံအရ နှစ်ကြိမ်ထက် ဆက်တိုက်သမ္မတ ရာထူးရယူခွင့် မရှိသောအခါ ၂၀၀၈ မှ ၂၀၁၂ အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်အာဏာရယူခဲ့ပြီး မိမိစိတ်ကြိုက် မက်ဗီဒက်ကို သမ္မတနေရာ ပေးထားလိုက်သည်။ ၂၀၁၂ ရွေးကောက်ပွဲများ ကျင်းပသောအခါ ပူတင် သမ္မတအဖြစ် ပြန်လည်အရွေးခံရသည်။ တဖန် ၂၀၁၈ ရွေးကောက်ပွဲတွင်လည်း ပူတင်ကပင် ထပ်မံ ရွေးချယ်ခံရပြီး ယနေ့အထိ သမ္မတရာထူး ဆက်လက်ရယူထားသည်။ အာဏာရှင်တို့ထုံးစံအတိုင်း ၂၀၂၁ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီး သမ္မတသက်တမ်းကို ဆွဲဆန့်ဖို့ ကြိုးစားခဲ့သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ချက်အရ သမ္မတစ်ဦးသည် နှစ်ကြိမ်အထက် ထပ်မံ ရွေးကောက်ခံပိုင်ခွင့် ရှိသည်ဟု။ 

ပူတင် တင်လား ဆိုတော့ မဟုတ်။ လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်ကွန်မြူနစ် ပါတီညီလာခံမှာ ပြင်ဆင်ချက်တရပ် ထည့်သွင်းပြီး ထာဝရခေါင်းဆောင်အဖြစ် ခံယူထားသည်။ ရှီက သမ္မတ ဟူကျင်တောင်းလက်ထက် ၂၀၀၈ မှာ စပြီး ပါတီအထွေထွအတွင်းရေးမှူးနှင့် ဒုသမ္မတ ဖြစ်လာသည်။ ဟူကျင်တောင်း အနားယူသွားတော့ ၂၀၁၂ မှာ ရှီက သမ္မတ တာဝန်၊ ပါတီ အထွေထွေအတွင်းရေးမှူးတာဝန်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးတာဝန်တွေကို ရယူခဲ့သည်။ သူက အကျင့်ပျက်လာဘ်စားမှုနှင့် ပါတီသန့်စင်ရေးကို ဦးဆောင်ခဲ့ပြီး ပါတီတွင်း ရှီ​၏ အိုင်ဒီယိုလော်ဂျီကို သွတ်သွင်းခဲ့သည်။ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပြင်ဆင်ခဲ့ရာ မော်စီတုန်း နောက်ပိုင်း ထာဝရခေါင်းဆောင်ကြီး (Paramount leader) ဖြစ်လာသည်။ 

ပူတင်တို့ ရှီကျင့်ဖျင်တို့လိုပဲ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်ကလည်း အာဏာကို ထာဝရ ဆုပ်ကိုင်ထားသည်။ သူက ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယား ဝန်ကြီးချုပ်။ ယခုထိလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်။ သူ အနားယူလျှင် သားဖြစ်သူ ဟွန်မာနက်က သူ့နေရာကို ဆက်ခံဖို့ ယခုကတည်းက လျာထားပြီးပြီ။ 

စစ်အေးခေတ်က အိုင်ဒီယိုလော်ဂျီအရ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ပြီးဆုံးသွားသော်လည်း ယနေ့အထိ စစ်အေးခေတ် နိုင်ငံဟောင်းများ​၏ အာဏာရှင် ခေါင်းဆောင်များနှင့် အနောက်အုပ်စု ဒီမိုကရက်တစ်နိုင်ငံများအကြား တင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်သည်။ ယခင်ကကဲ့သို့ပင် အုပ်စုကြီးနှစ်စု ထင်ရှားစွာ ထွက်ပေါ်လာသည်။ ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား၊ ဘီလာရုစ်၊ ဗင်နီဇွဲလား၊ ကျူးဘား..... စသည့် အာဏာရှင် နိုင်ငံများက တဘက်။ အမေရိကန်၊ အီးယူ ဦးဆောင်သော နိုင်ငံများ ပါဝင်သည့် အနောက်အုပ်စု ဒီမိုကရက်တစ် နိုင်ငံများက တဘက်။ 

လတ်တလော စစ်ရေးတင်းမာနေသော ယူကရိန်းက အနောက်အုပ်စုနှင့် ရုရှားတို့ကြား အင်အားပြိုင်ဆိုင်မှုလက္ခဏာ ဖြစ်သည်။ ယူကရိန်းသည် တချိန်က ရုရှားဗဟိုပြုသော ဆိုဗီယက်နိုင်ငံဟောင်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်နောက်ပိုင်း လွတ်လပ်သော ယူကရိန်းမှာ အနောက်အုပ်စု လစ်ဘရယ်ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အားကောင်းခဲ့သည်။ တဘက်မှာ ကာလရှည်ကြာ အမြစ်တွယ်နေခဲ့သော ရုရှား လိုလားသည့် အိုင်ဒီယိုလော်ဂျီဟောင်းအုပ်စုတွေ ရှိသည်။ သူတို့ကို ရုရှားက အားပေးသည်။ ယခု ပဋိပက္ခဖြစ်နေသော ယူကရိန်းကို အနောက်အုပ်စု စည်းဝိုင်းအတွင်းသို့ လုံးလုံးလျားလျား ရောက်ရှိသွားမှာကို မလိုလား။ အထူးသဖြင့် ယူကရိန်းကို နေတိုး​၏  အုပ်စုချဲ့၊ နယ်မြေချဲ့မှုထဲ အပါမခံနိုင်။ တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးသော်လည်း အဖြေမထွက်။ 

ကမ္ဘာ့အရေးတွေမှာ စစ်အေးတုန်းကလိုပဲ အုပ်စု နှစ်စုက ရန်စောင်နေကြဆဲ ရှိသည်။ တဘက်မှာ ယူကရိန်းအရေး ရှိသလို အရှေ့ဘက်ခြမ်းမှာ တရုတ်အရေး ရှိသည်။ အထူးသဖြင့် ထိုင်ဝမ်။ ထိုင်ဝမ်က ဒုတိယကမ္ဘာစစ်ကတည်းက အမေရိကန်​၏ ထောက်ခံအားပေးမှု ရရှိထားခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ကို ဘယ်တုန်းကမှ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုမထား။ မိမိနိုင်ငံ​၏ အစိတ်အပိုင်းတစ်ခုဟာ သတ်မှတ်သည်။ တရုတ်ကွန်မြူနစ်တော်လှန်ရေးက လွတ်မြောက် ပဲ့ထွက်လာသော ထိုင်ဝမ်အရေးမှာ အမေရိကန်က အမြဲတမ်း အားပေးရပ်တည်သည်။ ယခုနောက်ပိုင်း သံတမန်ရေးအရ၊ စစ်ရေးအရ ပို၍ပြောင်ကျကျ အားပေးလာသည်။ ထိုပြဿနာသည် အမေရိကန်နှင့် တရုတ်အကြား ပစိဖိတ်ဒေသ အားပြိုင်မှု ဖြစ်သည်။ အင်အားကြီးထွားလာသော တရုတ်က တောင်တရုတ်ပင်လယ်ကိစ္စမှာ ခပ်တင်းတင်း ရပ်တည်လာသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် နောက်ထပ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကြီးတစ်ခု မပေါ်ပေါက်တော့သည်မှာ ကြာပြီ။ သို့သော် စစ်အေးတုန်းကလိုပဲ ယခုချိန်မှာ တင်းမာမှုတွေ တွေ့လာနေသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က ယူကရိန်းနယ်စပ်မှာ စခန်းချနေသည့် ရုရှားစစ်သည် ၁၀၀၀၀၀ကျော်ကို အကြောင်းပြု၍ ရုရှားသည် ယူကရိန်းကို သိမ်းပိုက်ပြီး ၎င်းတို့လိုလားသည့် ခေါင်းဆောင်တစ်ဦးကို အာဏာအပ်နှင်းရန် ကြိုးစားနေသည်ဟု ဆိုသည်။ ထိုသို့ သိမ်းပိုက်ခဲ့လျှင် ဆိုးရွားသည့် အကျိုးဆက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသည်။ အမေရိကန်ကလည်း ထိုနည်းအတိုင်းပင် ရုရှားကို သတိပေးထားသည်။ ရုရှားတို့က ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မည်ဟုလည်း မပြော။ မကျူးကျော်ပါဟုလည်း မဆို။ ၂၀၁၄ ခုနှစ်တုန်းကတော့ ရုရှားတပ်တွေ ယူကရိန်းပိုင် ကရိုင်းမီးယားကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ယခုထိလည်း ခရိုင်းမီးယားသည် ရုရှားလက်အောက်မှာ။ 

လစ်ဘရယ်ဒီမိုကရေစီနှင့် အာဏာရှင်တို့ ကြီးစိုးသော အုပ်စုကြီးနှစ်စုကြား စစ်အေးသည် ဖွဲမီးလို တငွေ့ငွေ့တောက်လောင်လျက် ရှိသည်။ နောက်ထပ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာဖို့ကတော့ အသိဉာဏ်ကို ချွန်းအုပ်နိုင်သည့် ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ပဲ ဆိုင်သည်။ ကမ္ဘာကြီးက ဒုတိယကမ္ဘာစစ်တုန်းကလို မဟုတ်တော့။ မိနစ်ပိုင်းအတွင်း ပြာကျသွားစေမည့် နျူးကလီးယားလက်နက်တွေ ဟိုဘက် ဒီဘက် တောင်ပုံ ရာပုံ ရှိနေကြပြီလေ...။

ချစ်ဝင်းမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013