DVB Logo
Home
မြန်မာသတင်း
လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် ဖရူဆိုမြို့နယ်က စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ
DVB
·
January 24, 2022
လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် ဖရူဆိုမြို့နယ်က စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ
1 / 2
Donate to DVB

လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် ကလေး ၂ ဦးအပါအဝင် လူ ၃ ဦး သေဆုံးခဲ့တဲ့ ဖရူဆိုမြို့နယ်အနောက်ခြမ်းက ရီခီးဘူးစစ်ရှောင်စခန်းမှာ နေထိုင်သူတွေ စားဝတ်နေရေး၊ ဆေးဝါးအပြင် တခြားသောအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။

ဖရူဆိုမြို့နယ်အနောက်ခြမ်း ရီခီးဘူးစစ်ရှောင်စခန်း ၂ ခုကို စစ်ကောင်စီတပ်က  တိုက်လေယာဉ် ၂ စင်းနဲ့  ဇန်နဝါရီ ၁၇ ရက်မနက်အစောပိုင်း  ၁ နာရီလောက်က ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက်  ကလေး ၂ ယောက်အပါအဝင် ၃  ယောက် သေဆုံးခဲ့တာပါ။

အဆိုပါစခန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ သွားရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်စခန်းတွေဖြစ်ပြီး  ညသန်းခေါင်ကျော် ဗုံးကြဲခံရတာကြောင့် ကစဉ့်ကလျားနဲ့ ထွက်ပြေးခဲ့ကြရတဲ့အတွက် ဘာပစ္စည်းကိုမှ သယ်ယူခွင့်မရခဲ့ဘူးလို့ စခန်းမှာ သွားရောက်ခိုလှုံနေတဲ့ မိုဆိုကျေးရွာက အမျိုးသမီးတဦးက ပြောပါတယ်။

“အဲဒီလို ထွက်ပြေးသွားတဲ့အချိန်မှာ ဖိနပ်လည်းပါမလာဘူး။ အဲလိုတောမှာ  ထွက်ပြေးနေတယ်။ ဘယ်လိုပဲ ခေါ်ခေါ် ပြန်မလာရဲဘူး။ နောက် အဖွဲ့အစည်းကလည်း အချိန်မရွေးလေယာဉ်က ပြန်လာနိုင်တယ်ဆိုပြီးမှ မိုးလင်းတာနဲ့ အဲဒီနေတဲ့အဆောင်ကို ကပျာယာပြန်လာပြီး အလုအယက် ပစ္စည်းတွေ သိမ်းတယ်။ ပစ္စည်းသိမ်းတာထက် အသက်လုပြီး ပြေးရတာပေါ့နော်။ တချို့က ဆိုင်ကယ်၊ တချို့က ခြေလျင်နဲ့ပြေးကြတယ်။ တော်တော်များများ ကစဉ့်ကလျားဖြစ်ကုန်တော့ တော်တော်များများ ပစ္စည်းတွေလည်း မပါလာတော့ဘူး။ နောက်တရက် ကျမတို့ အဲဒီစခန်းကို ပြန်သွားတဲ့အချိန်မှာ တော်တော်များများဖိနပ်တွေ အများကြီးကျန်ခဲ့တယ်။ ”

ဒါ့ပြင် အဲဒီဗုံးကြဲခံရတဲ့စခန်းကို နောက်နေ့တွေမှာ ပစ္စည်းယူဖို့ ပြန်သွားတဲ့အခါမှာလည်း စစ်ရှောင်တွေ စုပေါင်း ချက်ပြုတ်စားနေတဲ့ အိုးခွက်ပန်းကန်တွေလည်း ကျည်စ ထိမှန် ပျက်စီးကုန်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ရီးခီးဘူး ကျေးရွာစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက မိုဆိုကျေးရွာ မီးရှို့သတ်ဖြတ်ခံရတုန်းက ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဖြစ်ပြီး လူအယောက် ၅၀၀ လောက် နေထိုင်ကြတာဖြစ်ပါတယ်။

မိုဆိုဒေသခံအမျိုးသမီးကတော့  “အဲဒီမီးရှို့သတ်ဖြတ်ခံထားရတဲ့နေရာမှာလည်း ကျမတို့ ရွာကပဲဖြစ်တယ်။ ကျမတို့ ကိုယ်တိုင်ခံစားနေရတဲ့အရာကို ကျမတို့က လုံခြုံမယ်ထင်တဲ့နေရာ၊ အဝေးဆုံးကို သူတို့ပို့ပေးတယ်။ ပို့တဲ့နေရာကို ကျမတို့က လက်မခံနိုင်စရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က လောလောလတ်လတ် ထွက်ပြေးနေရတဲ့လူတွေပေါ့နော်။ အဲဒီနေရာမှာ လုံခြုံတယ်ဆိုပြီးတော့ ကျမတို့လည်း လုံခြုံမယ်ဆိုတဲ့နေရာကို ကျမတို့ အကုန်လုံးသွားတယ်။ သွားတာတောင်မှာ အဲဒီနေရာမှာက အဓိက ကလေးငယ်တွေရယ်၊ မိခင်ရယ်၊ ပြီးတော့ မသန်စွမ်းရယ်၊ အဲလိုမျိုးလူတွေကို အဲဒီနေရာကို ထားထားတဲ့အချိန်မှာ စစ်ကောင်စီက ကျမတို့ကို ပစ်မှတ်ထားပြီးတော့မှ ရည်ရွယ်ချက်ရှိရှိနဲ့ အဲဒီနေတဲ့ အဆောင်တခုမှာ ဗုံးလာကြဲတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ဘုရားသခင်က ကျမတို့ကို ကွယ်ကာထားတာပေါ့နော်။ အဲဒီဗုံး နှစ်လုံးကျ အနက် ၄ ပေ၊ အကျယ်က ၆ ပေ ၇ ပေလောက်ရှိတယ်ပေါ့နော်။ ဒီလောက်ထိဖြစ်တာတောင် ကျမတို့က ထိခိုက်မှုနည်းနည်း လေးပဲရှိတယ်။ ကျမစဉ်းစားကြည့်တယ်။ တကယ်လို့များ ဗုံးနှစ်လုံးက ကျမတို့ အပေါ်တည့်တည်ကျရင် ကျမတို့အားလုံး အသက်ရှင်စရာမရှိဘူးပေါ့နော်။ ဒါပေမဲ့ ဘုရားသခင်က ကျမတို့ကာကွယ်လို့ ကျမတို့အသက်ရှင်နေသေးတယ်ဆိုတဲ့စိတ်နဲ့ပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် ဖရူဆိုမှာ ကြုံနေရတဲ့ ရက်စက်မှုဖြစ်စဉ်ကို နိုင်ငံတကာက အရေးယူပေးဖို့လည်း သူက တောင်းဆိုသွားပါတယ်။

“မီးရှို့သတ်ဖြတ်ခံရမှုမှာလည်း ကျမတို့ ပြည်သူဘက်ကလည်း ဘာပစ်ခတ်မှုမှမရှိ၊ ဘာတိုက်ပွဲမှ မရှိဘဲ ပြည်သူတွေကို ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့တာလည်း ကျမတို့ ရွာအပြင်မှာပဲ၊ နေ့တိုင်း ကျမတို့ သွားလာပြီးတော့မှ တောင်ယာတွေဘာတွေ လုပ်တဲ့နေရာ၊ မီးရှို့သတ်တဲ့နေရာ ရွာအပြင်မှာဖြစ်နေတဲ့အခါကျတော့ ကျမတို့သိခဲ့တဲ့လူတွေရော၊ မသိခဲ့တဲ့လူတွေအတွက်ရော အားလုံး ကျမတို့ ခံစားရတယ်။ ကျမ ပြောချင်တာက ဒီလောက်ထိ  ယုတ်မာတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာက မသိဘူးလား။ ကမ္ဘာက အရေးမယူပေးဘူးလား။ နိုင်ငံတကာက ကျမတို့ကို အဲလိုမျိုး တချက်တောင်လှည့်မကြည့်ဘူးလားဆိုတာ ကျမ ပြောချင်တာပေါ့နော်။”

လက်ရှိမှာတော့ ရီးခီးဘူးစခန်းကို စစ်ရှောင်သွားခဲ့တဲ့လူ ၅၀၀ ကျော်ဟာ တောတောင်ထဲ လုံခြုံမယ်ထင်တဲ့နေရာတွေ၊ ကျောက်ဆောင်၊ ကျောက်ဂူတွေရှိတဲ့နေရာတွေမှာ လိုက်နေထိုင်ကြသလို တချို့က အသိရှိရာ တခြားရွာဆီ သွားရောက်ခိုလှုံနေကြတဲ့အတွက် သူတို့အတွက် အစားအသောက်၊ ဆေးဝါး၊ အမိုးအကာနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။

လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့်လည်း အကူအညီတွေ ပေးနိုင်ဖို့ လမ်းပန်းဆက်သွယ်ရေး အရမ်းကို ခက်ခဲနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဖရူဆိုအနောက်ဖက်ခြမ်း စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013