
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်က အစ္စရေးကို ပေးအပ်နေတဲ့ တနှစ် ဒေါ်လာ ၄ ဘီလီယံ ထောက်ပံ့ငွေကို ဒီနှစ်ကုန်မှာ ရပ်ဆိုင်းဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ သဘောတူညီချက်ရထားတယ်လို့ နိုဝင်ဘာ ၃ ရက်က Fox News ရဲ့ "Fox and Friends" အစီအစဉ်မှာ ပြောပါတယ်။
ဒီထောက်ပံ့ငွေ ရပ်ဆိုင်းရေးကို ဝန်ကြီးချုပ် နေတန်ယာဟု ကိုယ်တိုင် စတင်အဆိုပြုခဲ့တာဖြစ်ပြီး လအတော်ကြာကတည်းက နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အစ္စရေးဟာ စီးပွားရေးအရ အလွန်အောင်မြင် တိုးတက်နေတဲ့ နိုင်ငံဖြစ်လာတာကြောင့် ဒီငွေကြေး အကူအညီ ဆက်လက်လိုအပ်တော့မှာ မဟုတ်ကြောင်းနဲ့ နောင်မှာ လိုအပ်ချက် ရှိလာရင်လည်း ဆက်ကူညီပေးသွားမှာဖြစ်ကြောင်း ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် အလ်-ဆေယဒ်လို ဒီမိုကရက်တချို့နဲ့ လက်ဝဲယိမ်း နိုင်ငံရေးသမားတွေက အမေရိကန်ရဲ့ အစ္စရေးအပေါ် ဘဏ္ဍာရေးထောက်ပံ့မှုကို အကြောင်းပြချက်အနေနဲ့ ရီပတ်ဘလစ်ကန်တွေကို ဝေဖန်တိုက်ခိုက်ရာမှာ အသုံးချနေကြတဲ့အတွက် အခုလို ရပ်ဆိုင်းဖို့ သဘောတူခဲ့တာလို့လည်း ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်ရဲ့ ပြောဆိုချက်တွေအပေါ် ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ရုံးခန်းဘက်မှ ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ထရမ့်ပ် ရည်ညွှန်းပြောဆိုနေတဲ့ ထောက်ပံ့ငွေမှာ ဘယ်ကိစ္စကို အတိအကျ ဆိုလိုတယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက အစ္စရေးနိုင်ငံကို နှစ်စဉ် စစ်ရေးအကူအညီ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ပေးအပ်ရေး နားလည်မှုစာချွန်လွှာ (MOU) ဟာ ၂၀၂၈ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အဲဒီ့နောက်ပိုင်း အကူအညီပေးရေး အစီအစဉ်တွေ ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာတွေကို ဆွေးနွေး နေပါတယ်။
လက်ရှိမှာ ဒီမိုကရက်တစ် မဲဆန္ဒရှင်တွေအကြား အစ္စရေးအပေါ် ထောက်ခံမှု သိသိသာသာ ကျဆင်းလာနေပြီး အစ္စရေးကို ဝေဖန်တဲ့ ကိုယ်စားလှယ်လောင်းတွေဟာပါတီတွင်း ရွေးချယ်ပွဲတွေမှာ အနိုင်ရရှိလာကြသလို အလယ်အလတ်ဝါဒီ ဥပဒေပြုအမတ်တွေကပါ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်က အစ္စရေးကို ပေးအပ်လာတဲ့ ထောက်ပံ့မှုတွေကို ပြန်လည်စိန်ခေါ်ဖို့ ပိုမို ပြင်ဆင်လာကြပါတယ်။
Source: Reuters











