DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့နယ် ဟိန်ဇိန်ရွာနားကို စစ်ကောင်စီက ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
January 22, 2022
တီးတိန်မြို့နယ် ဟိန်ဇိန်ရွာနားကို စစ်ကောင်စီက ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမကြီးပေါ်ရှိ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်ကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်မှာ  စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှစ်စီးအပါအဝင် အဝေးပစ်အမြောက်နဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့ကနေ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အဝေးပစ်လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်မက ပစ်ခတ်ခဲ့ပြီး  ရဟတ်ယာဉ် နှစ်စီးနဲ့ နာရီဝက်လောက်အထိကြာအောင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဝေးပစ် အမြောက်ပစ်တိုက် ကလေးမြို့ထဲထိ မြေကြီးတွေပါတုန်ခါနေတာပါ။ ၁၀ချက်လောက် မကဘူး ထုနေတာ၊ အထိအခိုက်လည်း ရှိနိုင်ပါတယ်။ အခု ရှောင်ပြေးနေကြတာဆိုတော့ အတိအကျကိုတော့ မသိရသေးပါဘူး၊ ဟိန်ဇိန်ရွာထဲကို မနက်အစောကြီး လက်နက်ကြီးတွေ ကျလာတော့မှ ပစ်ခတ်တယ်လို့ သိရလို့ ရှောင်ပြေးကြတာပါ။ စထုတာက ၈ နာရီစထုတယ်။  ရဟတ်ယာဉ်က ပစ်ပြီးမှ ပျံတက်သွားတာ ၉ နာရီလောက်က စပြီးပစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၂ နာရီလောက်ကလည်း ဟိန်ဇိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ မှာ စစ်ကောင်စီတပ်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေဆီက သိရပါတယ်။  

တီးတိန်မြို့နယ်က ဟိန်ဇိန်ကျေးရွာတဝိုက်ကို ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းကလည်း ကလေးတက္ကသိုလ်အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က  အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲမဖြစ်ပေမယ့်လည်း လက်နက်ကြီးတွေနဲ့ ၄ ကြိမ်မကအပြင် သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တာဟန်းရပ်ကွက် နဲ့ ဒိုးဝိုင်းချောင်းကျေးရွာကြား နေအိမ်တစ်လုံးပေါ်ကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျတာကြောင့် နေအိမ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် ည ၁၀ နာရီလောက်ကလည်း  ကလေးမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ပစ်ခတ်တယ်လို့ ယူဆရတဲ့ လက်နက်ကြီး ကျရောက်ခဲ့ပြီး ထိခိုက်သူတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

လက်နက်ကြီးဟာ တာဟန်းရဲကင်းမူးယစ်စခန်းမှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013