
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဟိုတယ်ခုမှာ ဇွန် ၃ ရက်က မီးလောင်မှုကြောင့် လူ ၂၁ ယောက် သေဆုံးခဲ့ပြီး သူတို့ထဲက ၁၈ ယောက်က နိုင်ငံခြားသားတွေဖြစ်ကြကာ တခြားသူ အယောက် ၄၀ ကျော်ကို ဆေးကုပေးဖို့ ဆေးရုံတွေဆီ ပို့ခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
မာလ်ဗီယာ နာဂါဒေသက မီကာဆာအင်းဟိုတယ်မှာ မီးက မြေညီထပ်မှာ စတင်လောင်ကျွမ်းခဲ့ပြီး အပေါ်ထပ်တွေဆီ အမြန် ပျံ့နှံ့သွားခဲ့တာပါ။
မီးလောင်ရတဲ့ တိကျတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ပြောပါတယ်။ ဟိုတယ်ဟာ နယူးဒေလီမြို့တော်ရဲ့ ထိပ်တန်းဆေးရုံတွေထဲက တခုနဲ့ နီးကပ်ပြီး ဟိုတယ်က ဧည့်သည်အများစုဟာ ဆေးကု ခံနေသူတွေ ဒါမှမဟုတ် ဆေးရုံတက် ကုသခံနေတဲ့ လူနာတွေကို ပြုစုစောင့်ရှောက် ပေးသူတွေလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လိုင်စင်အရ အဆိုပါဟိုတယ်မှာ အခန်း ၆ ခန်းသာ ဖွင့်လှစ်ခွင့်ရှိပြီး မီးလောင်ချိန်မှာ အခန်း ၂၅ ခန်း ဖွင့်လှစ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source:Reuters










