
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်ပကို လူငယ်တွေ အလုံးအရင်းနဲ့ ထွက်ခွာမှုတွေမှာ ပညာတတ်တွေ ပိုများလာတယ်လို့ အချက်အလက်တွေအရ သိရပြီး ဒီအခြေအနေတွေဟာ Brain Drain လို့ ခေါ်တဲ့ ဦးနှောက်ယိုစီးမှုဆီ ဦးတည်နေတယ်လို့ သုံးသပ်ကြပါတယ်။
အသက် ၅ နှစ်နဲ့အထက် ပြည်ပထွက်ခွာသူတွေရဲ့ ပညာအရည်အချင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ ၂၀၂၄ သန်းခေါင်စာရင်း ၂ ခုကို နှိုင်းယှဉ်ပြီး စစ်အာဏာရှင်ဘက်က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို စိစစ်ကြည့်တဲ့အခါမှာတော့ အထက်တန်းအောင်နဲ့ တက္ကသိုလ်ကောလိပ်တွေက ဘွဲ့ကြို ဘွဲ့ရတွေက ပိုတိုးလာတာ တွေ့ရပါတယ်။
၂၀၁၉ ခုနှစ်က အထက်တန်းအောင်တဲ့ ကျား၊ မ စုစုပေါင်း ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ ၂၂ ရာခိုင်နှုန်းထိ တိုးလာတာ တွေ့ရပါတယ်။
ဒါ့အပြင် တက္ကသိုလ်၊ ကောလိပ်တွေက ဘွဲ့ကြိုနဲ့ ဒီပလိုမာတွေက ၂ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းထိ ၂ ဆတိုးလာတာကို တွေ့ရပါတယ်။
၂၀၂၄ မှာ ဘွဲ့ရ ဘွဲ့လွန် ဦးရေတွေလည်း အနည်းငယ် တိုးလာတာ တွေ့ရပြီး တခြား မူလတန်း၊ အလယ်တန်းနဲ့ ဘုန်းတော်ကြီးကျောင်းပညာရေး ကျောင်းသားဦးရေတွေကတော့ ကျဆင်းသွားတာကို တွေ့ရပါတယ်။
ဦးနှောက်ယိုစီးမှု Brain Drain လို့ခေါ်တဲ့ ပညာတတ်နဲ့ ကျွမ်းကျင်လုပ်သားတွေက ပိုကောင်းမွန်တဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ လူနေမှုအခွင့်အလမ်းတွေကို ရှာဖွေဖို့ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်းသွားတာတွေကြောင့် ကိုယ့်နိုင်ငံအနေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးရတဲ့ ဖြစ်စဉ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
ပြည်ပရောက် ပညာတတ်လူငယ်တယောက်က “၂၀ ဝန်းကျင်တွေ အစုလိုက်အပြုံလိုက် ထွက်လာတဲ့အတွက်ကြောင့် အလုပ်လုပ်မဲ့လူတွေ မရှိတော့တာမျိုး။ မြန်မာနိုင်ငံမှာ ဝန်ထမ်း ရှားပါးတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့နော်။ အခြေအနေတွေ ကောင်းလာရင်တော့ တော်တော်များများကတော့ ကိုယ့်နိုင်ငံ ကိုယ်ပဲ ပြန်ချင်ကြတာ များပါတယ်။ ဒီလိုမျိုး ပြည်ပကို ထွက်တဲ့လူတွေ များလာလို့ မြန်မာနိုင်ငံမှာ Brain Drain ဖြစ်လာတယ် ဆိုတာကတော့ အဲဒါကတော့ အမှန်ပဲ။ ၂၀ ဝန်းကျင်၊ ၃၀ ဝန်းကျင် ဒီလိုမျိုး ပညာတတ်လူငယ်တွေ အကုန်တော်တော်များများ မြန်မာနိုင်ငံမှာ ဘယ်လိုမှ မနေချင်တော့ဘူး၊ လူလတ်တန်းစားအချို့ပေါ့နော်။ မြန်မာနိုင်ငံကနေပြီးတော့ တခြားနိုင်ငံကို ထွက်ပြီးတော့ တချို့ဆိုလည်း ကိုယ်ကျွမ်းကျင်ရာကို တခြားနိုင်ငံမှာ ဆက်လုပ်ကြတယ်။ တချို့ကျတော့ ကိုယ်ကျွမ်းကျင်တာ အလုပ်လုပ်လို့ မရတဲ့အတွက် အဆင့်နိမ့်အလုပ်တွေမျိုး၊ Blue collar အလုပ်တွေ ဝင်လုပ်နေရတယ်။ ကိုယ်ကျွမ်းကျင်တာတခု ရှိရက်သားနဲ့ ဆုံးရှုံးမှု ဖြစ်တာပေါ့နော်၊ ကျနော်က အဲလိုမျိုး မြင်ပါတယ်” လို့ ပြောပါတယ်။
UNDP ရဲ့ အစီရင်ခံစာအရ ရွှေ့ပြောင်းလိုတဲ့ လူငယ် ၉၀ ရာခိုင်နှုန်းကျော်က နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ တိုးတက်ကောင်းမွန်ရင် ပြန်လာလိုကြောင်း ဖော်ပြထားပြီး၊ ဒီအခြေအနေတွေက ထွက်ခွာသွားတဲ့ လူငယ်တွေရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေက တချိန်မှာ နိုင်ငံအတွင်း ပြန်လည်စီးဆင်းလာနိုင်တဲ့ Brain Circulation ဖြစ်နိုင်ခြေကို ညွှန်ပြနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ပြည်ပထွက်ခွာမှုတွေဟာ ၂၀၂၄ နှစ်ဦးပိုင်း စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်းမှာ အဆိုးဆုံး ဖြစ်ပြီး ဆက်တိုက် ထွက်ခွာမှုတွေကြောင့် ပြည်တွင်းက လုပ်ငန်းတွေမှာလည်း လုပ်သားလိုအပ်တဲ့ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပါတယ်။
လုပ်ငန်းရှင်တယောက်က “အစောပိုင်း ထွက်တာတွေကတော့ တယောက်စ နှစ်ယောက်စပါပဲ။ ဒါကတော့ ဒီနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း စီးပွားရေးတွေ မကောင်းတဲ့အခါကျတော့ လူငယ်တွေက အိမ်နီးချင်းတိုင်းပြည်တွေကို ထွက်ပြီးတော့ အလုပ်လုပ်ချင်ကြပြီးတော့ အခွင့်အလမ်း မရှိဘူးလို့ မြင်လို့ ထွက်တာပေါ့။ အဲဒီလို ထွက်တဲ့အခါကျတော့ အလုပ်မှာ ထိခိုက်နေတာ ရှိတာပေါ့။ Manpower မလုံလောက်တဲ့အခါကျတော့ လူရှာရတာလည်း ခက်တယ်၊ အဲဒီပြဿနာတွေ ကြုံတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်းမှာ Industry တိုင်းမှာ ကြုံတာပေါ့နော်။ တိုင်းပြည်ရဲ့ စီးပွားရေးတွေ အကုန်လုံးကို Industry တွေ အကုန်လုံးကို အကျိုးသက်ရောက်မှု ရှိပြီးတော့ အကုန်လုံးအတွက် Manpower မရှိရင် အကုန်ပြိုလဲသွားနိုင်တဲ့ အခြေအနေတခုလို့ မြင်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်းမှာတင် ထိုင်းတနိုင်ငံတည်းကို မြန်မာ ၇ သိန်းနီးပါး (၆၈၇,၀၀၀) ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကနေ သိရပါတယ်။
အဲဒီထဲက ၃ သိန်းနီးပါးဟာ အထောက်အထားမရှိဘဲ တရားမဝင် လမ်းကြောင်းတွေကနေ ဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။











