DVB Logo
Home
မြန်မာသတင်း
လူသားချင်းစာနာမှုအကူအညီပေးရန်နှင့် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် KNU၊ KNPP နှင့် CNF တောင်းဆို
DVB
·
January 21, 2022
လူသားချင်းစာနာမှုအကူအညီပေးရန်နှင့် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် KNU၊ KNPP နှင့် CNF တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီအရေးတကြီးပေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ကြိုဆိုထောက်ခံကြောင်းနဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့တောင်းဆိုကြောင်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ) နဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) တို့က ဇန်နဝါရီ ၂၀ ရက်စွဲနဲ့ ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီး ပေးနိုင်ဖို့အတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအစီအစဉ်တွေနဲ့ ချဉ်းကပ်ဆောင်ရွက်မှု နည်းလမ်းတွေကိုပါ အဆိုပြုထားတာဖြစ်ပါတယ်။  

မြန်မာနိုင်ငံမှာ အာဏာသိမ်းစဉ်ကတည်းကစပြီး နိုင်ငံတဝန်း မြင့်တက်နေတဲ့ အကြမ်းဖက်မှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထု ၃ သိန်းခွဲကျော် စစ်ဘေးရှောင်နေရကြတယ်လို့ ကုလသမဂ္ဂအေဂျင်စီ UNHCR က ထုတ်ပြန်ထားပြီး သူတို့အတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ  လိုအပ်နေတာပါ။

လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အရေးကြီးလိုအပ်နေတဲ့နေရာတွေဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းပိုင်းရှိ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က ပြည်သူတွေဆီ အကူအညီရောက်ရှိဖို့  ချဲ့ထွင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ထောက်ပြထားပါတယ်။

လက်ရှိ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းအတိုင်းအတာဟာ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ထပ်တူကျနေတဲ့အတွက် အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရခြင်းကနေ ကာကွယ်နိုင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးနိုင်ရေး မြန်မာနိုင်ငံမှာ စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာပြီး လိုက်နာမှုရှိအောင် နိုင်ငံကာက စောင့်ကျပ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအာမခံမှုနဲ့ အရပ်သားပြည်သူတွေအတွက် အကာအကွယ်ပေးတဲ့ လုံခြုံသော နေရာတွေ(Safe Zone) သတ်မှတ်ပြီး ထောက်ပံ့ပေးရေး လိုအပ်တဲ့ ကျေးရွာတွေ၊ ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေးရှောင် စခန်းတွေ၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းကဲ့သို့သော နေရာကို တိတိကျကျသတ်ကြေညာဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအတိုင်းတာနဲ့ ညှိနှိုင်းထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေ (Negotiated Humanitarian corridors) ကို ကြေညာပေးဖို့၊ အဲဒီနေရာဟာ ပိတ်ပင်တားဆီးခြင်းမရှိပဲ အကူအညီ လက်ခံရယူနိုင်တဲ့နေရာာတွေ ဖြစ်လာမှာဖြစ်ပါကြောင်းလည်း ဖော်ပြပါတယ်။

အဆိုပါ ထိုစင်္ကြံမှတဆင့် နယ်စပ် ဖြတ်ကျော် ဒါမှမဟုတ် နိုင်ငံတွင်း အဓိက ကျတဲ့နေရာတွေကတဆင့်  အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့ အလိုအပ်ဆုံးဖြစ်တဲ့ နေရာကို သွားရောက်ပံ့ပိုးပေးပို့နိုင်မှာဖြစ်တယ်လို့လည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013