DVB Logo
Home
မြန်မာသတင်း
ICJ အမှု သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်ပြီး ရင်ဆိုင်ဖြေရှင်းမည်ဟု NUG ပြော
DVB
·
January 20, 2022
ICJ အမှု သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်ပြီး ရင်ဆိုင်ဖြေရှင်းမည်ဟု NUG ပြော
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံအစိုးရကိုယ်စားပြုအနေနဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ တရားရုံးထံစာပေးပို့ထားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဗွီဘီကို ပြောပါတယ်။ 

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်  နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုကို  ဖေဖေါ်ဝါရီ ၂၁ ရက်မှ  ၂၈ ရက်နေ့အထိ ဒုတိယအကြိမ်ကြားနာစစ်ဆေးဖို့ ရှိနေတာပါ။

ပထမအကြိမ်ကြားနာစစ်ဆေးမှုမှာတော့ မြန်မာနိုင်ငံအစိုးရ ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခုခံချေပခဲ့ပြီး အခု ဒုတိအကြိမ်ကြားနာစစ်ဆေးမှုမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဦးဆောင်ဖြေရှင်းဖို့ ICJ တရားရုံးကို စာရေးသားပေးပို့ပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“ICJ နဲ့ပတ်သက်တဲ့ Reporting တွေပေါ့လေ၊ လုပ်ရမယ့်  Report တွေကိုလည်း ကျမတို့ NUG ကနေပြီး တော့ကိုယ်စားပြုပြီး ရေးသားပေးပို့ပြီးတော့ တင်ပြခဲ့တယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တဆင့်ပေါ့။ အခုလည်း ကျမတို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကနေပြီးတော့ တဆင့် ဒီ ICJ ကို ကျမတို့ ကိုယ်စားပြုပါမယ်ဆိုတဲ့အကြောင်းကို ဆက်သွယ်ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဘယ်သူ့ကို ဖိတ်မလဲဆိုတာတော့ ကျမတို့ Contact ကို စောင့်နေဆဲဖြစ်တယ်။ အဲဒီတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခင် ဒေါ်အောင်ဆန်းစုကြည်အစိုးရသွားရောက် ရင်ဆိုင်စဉ်ကတည်းကိုက ICJ မှာ Alternate Agent ဆိုပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်မသွားနိုင်တဲ့ အခြေအနေမျိုးမှာ   Alternate Agent  အနေနဲ့ဆိုပြီး အဆိုပြုခဲ့တာ ဖြစ်တယ်။ ဒီအချက်ကို ကျမတို့ ထောက်ပြထားတယ်။ ဒုတိယတစ်ချက်ကတော့ ဘာလဲဆိုတာ့ ဒီ ICJ ဟာ UN ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ သွားရတာဖြစ်တဲ့အတွက် နိုင်ငံကို ကိုယ်စားပြုနေတာ အငြင်းပွားစရာမဖြစ်ဘူးဆိုတဲ့ အနေအထားက ဦးကျော်မိုးထွန်း တစ်ယောက်ပဲ ရှိပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်  Alternate Agent လည်းဖြစ်သလို လက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုနေတဲ့ တဦးတည်းသော သံတမန်လည်းဖြစ်ပါတယ်။ ဆိုတော့ ဒီအနေအထားကိုတော့ ကျမတို့ ICJ ဆီကို စာရေးသားပေးပို့ထားပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက ဂမ်ဘီယာ ရှေ့နေချုပ် ဒေါ်ဒါဂျယ်လိုက ဒုတိယတစ်ကြိမ်ကြားနာပွဲမှာတော့ နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  ဦးဆောင်ခုခံချေပမယ့်နေရာကနေ အစားထိုးပြောင်းလဲလိုက်ပြီလို့ ရိုက်တာ သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။  

မြန်မာနိုင်ငံမှာ တရားဝင်အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူထားတဲ့အချိန်မှာ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ အမှုနဲ့ပတ်သတ်ပြီး ဘယ်သူကို ဦးဆောင် ခုခံချေပခွင့်ပေးထားသလဲဆိုတာကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICJ က တော့ တရားဝင် ထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူး။ 

အာဏာသိမ်းစစ်တပ်ကတော့ ICJ အမှုကိုရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားတဲ့ ကော်မတီကို  အာဏာ သိမ်းယူပြီးတဲ့အချိန် ဇွန်လအတွင်းမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဥက္ကဋ္ဌအဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ 

ဒီကော်မတီမှာ ပထမတစ်ကြိမ်ကြားနာပွဲတုန်းက လိုက်ပါသွားခဲ့ဖူးတဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးနဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်တို့က ဒုဥက္ကဋ္ဌတွေအဖြစ် စစ်ကောင်စီကဖွဲ့စည်းထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရက လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တာကြောင့် ICJ အမှုကိုရင်ဆိုင်ဖို့  သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံရေးဝန်ကြီးဌာန တရားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေနဲ့ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး  ဒေါ်ဇင်မာအောင်က “ကုလသမဂ္ဂမှာလည်းကိုယ်စားပြုခွင့်ရမနေဘူး။  အသိအမှတ်လည်း ပြုမထားသေးတဲ့ စစ်ခေါင်းဆောင်တွေကို ဖိတ်ကြားမယ်ဆိုရင် ICJ ကိုယ်တိုင်ကိုယ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာရော၊ Credential ကော်မတီမှာရော ဆုံးဖြတ်ချက်ချထားပြီးသားကိစ္စတွေကို ဆန့်ကျင်ဖက်တွေဖြစ်ပြီးတော့ ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာသလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ ICJ က စစ်ကောင်စီကို တိုင်းပြည်ကို ကိုယ်စားပြုခွင့် ပေးလိုက်မယ်ဆိုရင် ကုလသမဂ္ဂက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ သဘောတူညီချက်တွေ အာဏာသိမ်းမှုကို ဆန့်ကျင်ထားတဲ့အချက်တွေနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်ပြီး  နောက်ဆက်တွဲ မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ ကျမတို့ဘက်ကလည်း စာရေးသားပြီးတော့ ပေးပို့ထားပါတယ်”လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံလူထုက ရွေးချယ်ထားတဲ့ တရားဝင်အစိုးရဖြစ်တယ်ဆိုတာကို နည်းနည်းလေးမှလျော့ပေးလို့မရဘဲ တရားဝင်အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေလည်းဖြစ် ဥပဒေအထောက် အကူပြုကွန်ယက်တည်ထောင်သူလည်းဖြစ်တဲ့ ဦးအောင်ထူးက ဒီဗွီဘီကို မှတ်ချက်ပြုပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ကိစ္စဟာ လူမျိုးရှင်းလင်းရေးအထိ ရည်ရွယ်ချက် ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ကောက်ချက်ဆွဲထားတာပါ။ 

၂၀၁၉ ဒီဇင်ဘာလတုန်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ICJ ကြားနာစစ်ဆေးမှုအပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ၆ လတကြိမ် အစီရင်ခံဖို့ကိစ္စကို အာဏာသိမ်းစစ်ကောင်စီကvnf; တရားရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမှုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။ 

လာမယ့်လ ဒုတိယ အကြိမ် ကြားနာစစ်ဆေးမှုမှာ ကိုဗစ်-၁၉ အခြေအနေကြောင့် လူကိုယ်တိုင် တရားခွင်အထိ တက်ရောက်တာရော၊ အွန်လိုင်းကနေ တက်ရောက်တာရော နှစ်မျိုးစလုံးနဲ့ စီစဉ်ထားတယ်လို့ ICJ တရားရုံးက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013