DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီစျေး အဆမတန်မြင့်တက်၊ တက္ကစီ အငှားယာဉ်လုပ်ငန်း အခက်ကြုံ
DVB
·
January 20, 2022
စက်သုံးဆီစျေး အဆမတန်မြင့်တက်၊ တက္ကစီ အငှားယာဉ်လုပ်ငန်း  အခက်ကြုံ
Donate to DVB

စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် တက္ကစီ အငှားယာဉ်မောင်းနေတဲ့ ယာဉ်မောင်းတွေ ယာဉ်ပိုင်ရှင်ထံ ပြန်လည်အပ်နှံနေကြရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

စစ်တပ် အာဏာမသိမ်းမီကာလက စက်သုံးဆီစျေးတွေက ၁လီတာကို ကျပ် ၆၀၀ စွန်းစွန်းပဲ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အရောင်းဆိုင်တွေမှာရှိတဲ့ စက်သုံးဆီစျေးတွေက ဓါတ်ဆီ (၉၂) အမျိုးအစား ၁လီတာကို ၁၅၄၅ ကျပ်၊ ဓာတ်ဆီ (၉၅) အမျိုးအစား ၁ လီတာကို ၁၅၉၅ ကျပ်နဲ့ ဒီဇယ် (ရိုးရိုး) ၁လီတာကို ၁၅၇၀ ကျပ်၊ ဒီဇယ် (ပရီမီယံ) အမျိုးအစား ၁ လီတာကို ၁၅၈၀ ကျပ်အသီးသီးရှိပါတယ်။ ဒါကြောင့် စက်သုံးဆီစျေးနှုန်းက အဆပေါင်းများစွာမြင့်တက်ခဲ့တာပါ။

အခုလိုစက်သုံးဆီစျေးတွေ အဆပေါင်းများစွာမြင့်တက်လာတဲ့အတွက် အရင်လို အလွယ်တကူနဲ့ ခရီးစဉ်လမ်းကြောင်းတွေကို မလိုက်နိုင်တော့တဲ့အကြောင်း အငှားယာဉ်မောင်းလုပ်ကိုင်နေ သူတွေက ပြောပါတယ်။

“ကျနော်တို့ အရင်က ၂၀၀၀ နဲ့ လိုက်တဲ့ လမ်းကြောင်းတခုက အခုဆိုရင် ၂၅၀၀ ရမှာ အဆင်ပြေတော့တယ်နော်။ တခါ ၃၀၀၀ နဲ့ လိုက်တဲ့ လမ်းကြောင်း၊ နည်းနည်းရှည်တဲ့ဟာက ၄၀၀၀ လောက်ရမှ လိုက်ရတဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ ဥပမာ ကျနော်တို့ ဂိတ်ကနေ ၈ မိုင်ကို ၅၀၀၀ နဲ့လိုက်တဲ့ လမ်းကြောင်းဆိုရင် အပြန် လူမရတဲ့အခါ အသွား ၂၅၀၀ ၊ အပြန် ၂၅၀၀ ရှိတော့ လိုက်ဖို့အတွက်ကို တော်တော်လေးစဉ်းစားရတယ်နော်။ ပြီးတော့ အောင်မင်္ဂလာအဝေးပြေးကို အရင်က ၆ထောင်နဲ့လိုက်တယ်။ အခု မရတော့ဘူး။ ၁သောင်းရမှ လိုက်နိုင်တယ်။ ဒါတောင် အပြန်ကို အနည်းဆုံး ၂၀၀၀ လောက် ပြန်ရအောင် ရှာနိုင်မှ အဆင်ပြေတာ။ အဲ့တော့ ကျနော်တို့က လမ်းကြောင်းအတိုလေးတွေ ၁၅၀၀ ၊ ၂၀၀၀ တန်ပေါ့။ အဲ့လို လမ်းကြောင်းအတိုလေးတွေကို ဦးစားပေးရှာနေရတယ်” လို့ အငှားယာဉ်မောင်း တဦးက ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်ပိုင်မောင်းနေတဲ့ အငှားယာဉ်ပိုင်ရှင်တဦးကလည်း “အရင်တုံးက ဆီစျေးက ၆၀၀ ကျော်ပဲ ရှိတာ။ ၈၀၀ အထိ ကျနော်တို့ လက်ခံနိုင်သေးတယ်နော်။ အခုက ၁ လီတာကို ၁၆၀၀ နားကပ်နေပြီ။ ပြီးတော့ အရင်ကဆိုရင် ၆၀၀၀ ဖိုးလောက် ဆီထည့်ထားရင် မောင်းတဲ့သူအတွက် ကောင်းကောင်း ကျန်တယ်ဗျာ။ အခုက တရက်ကို ၂သောင်း ရရင် ဆီဖိုးက ၁သောင်း ရှိတော့ မောင်းတဲ့သူတွေအတွက်လည်း အရင်လို အဆင်မပြေတော့ဘူး။ အဲ့တော့ ကိုယ်ပိုင်မဟုတ်တဲ့ အပြင်ကားမောင်း တဲ့သူတွေဆိုရင် ပိုင်ရှင်ဆီ ပြန်အပ်နေကြပြီ။ ကိုယ်ပိုင်ဆွဲတဲ့သူအတွက်က ၁သောင်းပဲရရ၊ ၂သောင်းပဲ ရရပေါ့။ သူ့အတွက်က ပြန်ပေးစရာမရှိလို့ ကိစ္စမရှိဘူး။ ဒါပေမဲ့  အုံနာခ နဲ့မောင်းတဲ့သူအတွက်က ဆီဖိုးနဲ့ အုံနာခ နုတ်လိုက်ရင် သူ့အတွက် ဘာမှမကျန်ဘူးနော။ CNG ကားကလည်း အုံနာခက တရက်ကို ၁သောင်း၂ထောင် ရှိတယ်။ ဂတ်စ်ဖိုး မပါသေးဘူး။ ဂတ်စ်ဖိုးကတော့ နည်းပါတယ်။ ဒါပေမဲ့ သူလည်း တော်တော်မောင်းယူရတယ်။ ထိုင်နေလို့ မရဘူး။ ပြီးတော့ CNG ကလည်း တန်းစီရတာ အနည်းဆုံး ၂နာရီလောက် စောင့်ရတယ်နော်။ ဘယ်ဟာမျှ အဆင်မပြေပါဘူး” လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းမှာ စက်သုံးဆီစျေးနှုန်း တည်ငြိမ် ဖို့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကိုယ်စားလှယ်ကုမ္ပဏီကြီးတွေအတွက် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်ရဲ့  ရည်ညွှန်းငွေလဲနှုန်းနဲ့ ရောင်းချပေးနေတာရှိပါတယ်။ 

ဒါပေမဲ့ ရောင်းချခွင့်ရရှိထားတဲ့ စက်သုံးဆီအရောင်းဆိုင်ကြီးတွေက သတ်မှတ်အရောင်း ပမာဏကို ပြည့်မီအောင် ရောင်းချပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။

“သတ်မှတ်ပေးထားတဲ့ ဆီဆိုင်တွေကလည်း ရှင်းရှင်းပြောရရင် သူတို့က ဂိတ်လျှော့ပြီးတော့ ရောင်းပေးတာ။ ၁ နာရီ လောက် ရောင်းပေးပြီးသွားရင် ကုန်ပြီ ဆိုပြီး မရောင်းတော့ဘူး။ အပြင်ပေါက်စျေးနဲ့ပဲ ပြန်ရောင်းကြတာနော်။ ရှင်းရှင်းပြောရရင် အရောင်းပြတာပေါ့ဗျာ” လို့ အငှားယာဉ်မောင်းလုပ်ကိုင်နေသူတွေက ဆိုပါတယ်။

အဝေးပြေးယာဉ်လက်မှတ်စျေးနှုန်းတွေကတော့ ယခင်ကိုဗစ်ကာလကတည်းက တက်ခဲ့တဲ့ စျေးနှုန်း အတိုင်း လက်ရှိမှာတော့ အပြောင်းအလဲမရှိသေးဘူးလို့ သိရပါတယ်။

“ရန်ကုန်-မော်လမြိုင်အတွက် ကားလက်မှတ်က တယောက်ကို ၁သောင်း၃ထောင် ပါ။ ကိုဗစ်မတိုင်ခင်က ၆၅၀၀ ပဲရှိပါတယ်။ ကိုဗစ်ဖြစ်ပြီးတဲ့နောက် လူ ၁ ယောက်က  ၂ခုံစာ ဖြတ်ပြီး စီးရတဲ့သဘောကြောင့် ကားလက်မှတ်စျေးက တက်သွားခဲ့တာ။ ရန်ကုန်-မန်းလေးကားခက အခုလောလောဆယ်ပေါ့၊ ရိုးရိုးက ၂သောင်း ရှိပြီး VIP က ၃သောင်းပါ။ နေ့စဉ်ထွက်ပါတယ်။ အခုလောလောဆယ်တော့ ကိုဗစ်ဖြစ်တုန်းက တက်ထားတဲ့ စျေးအတိုင်းပါပဲ” လို့ အဝေးပြေး ယာဉ်လက်မှတ်အရောင်း ဝန်ဆောင်မှုပေးနေတဲ့ သူတဦးက ပြောပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ စက်သုံးဆီဈေးမတက်အောင် ကော်မတီဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013