DVB Logo
Home
နိုင်ငံတကာ
Grab အငှားကားဝန်ဆောင်မှုကြောင့် ထိုင်းတက္ကစီသမားများ ဝင်ငွေထိခိုက်သဖြင့် ဆန္ဒပြ
DVB
·
May 26, 2025
Grab အငှားကားဝန်ဆောင်မှုကြောင့် ထိုင်းတက္ကစီသမားများ ဝင်ငွေထိခိုက်သဖြင့် ဆန္ဒပြ
Donate to DVB

Grab အပါအဝင် အွန်လိုင်း အပလီကေးရှင်းစနစ်နဲ့ အငှားကားဝန်ဆောင်မှုတွေကြောင့် ထိုင်းနိုင်ငံက တက္ကစီမောင်းသမားတွေ ဝင်ငွေထိခိုက်ပြီး မေ ၂၂ ရက်က  ဘန်ကောက် အစိုးရဝန်ကြီးများရုံးရှေ့မှာ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်းဝေါ်လဖွတ် ကဲမ်ခွန်ထွတ် ဦးဆောင်တဲ့ တက္ကစီယာဉ်မောင်းအသင်း၊ အငှားယာဉ်မောင်းသူများ အသင်းက အဖွဲ့ဝင်တွေရော တက္ကစီကားကို အားပေးတဲ့သူတွေပါ လူပေါင်း  ၅၀ ကျော်လောက်ဟာ သူတို့ဝင်‌ငွေနဲ့ စားဝတ်နေရေးကိုပါ ထိခိုက်စေတဲ့ Grab နဲ့တကွ အွန်လိုင်း / အပလီကေးရှင်းစနစ်နဲ့ အငှားကားဝန်ဆောင်မှုတွေ လေဆိပ်အသီးသီးကနေ ဖယ်ရှားပေးဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဝန်ကြီးတို့ကို ဦးတည် တောင်းဆိုခဲ့ကြပါတယ်။

Grab တွေ ဝင်ရောက်နေရာယူလာတာကြောင့် သူတို့တက္ကစီမောင်းသမားတွေဟာ ခရီးသည်မရှိတော့ဘဲ ဝင်ငွေလည်း ၉၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ Grab ဟာ နိုင်ငံခြားကုမ္ပဏီပိုင်ဖြစ်တယ်၊ အစိုးရအနေနဲ့ ထိုင်းအမျိုးသားပိုင်တက္ကစီနဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် Grab ကြား ဘယ်ဟာကိုရွေးမလဲ၊ Grab ကိုရွေးရင် ထိုင်းအမျိုးသားရေးကို ရောင်းစားတာနဲ့ အတူတူပဲ၊ တက္ကစသမားတွေအတွက် တရားမျှတမှုကို လိုချင်တယ်၊ Grab ကို ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် အပါအဝင် တခြားသော နိုင်ငံတကာလေဆိပ်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုတယ်၊ ပြဿနာ မဖြေရှင်းပေးရင် လေဆိပ်အဝင်အထွက်လမ်းတွေ ပိတ်ဆို့ပစ်မယ်လို့  ကြိမ်းဝါးပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနက တာဝန်ရှိသူတွေနဲ့ မေ ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

အဆိုပါသတင်းတွေအောက်မှာတော့ ခရီးသည်တွေဟာ တက္ကစီသမားတွေ သူများကို မောင်းထုတ်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ၊ အားလပ်တယ်လို့ မီးပြထားပြီး ခရီးသည်တွေ တားလိုက်တဲ့အခါ ဆင်ခြေအမျိုးမျိုးနဲ့ ငြင်းဆိုတာတွေ၊ မီတာမလှည့်ဘဲ စင်းလုံးငှားခိုင်းတာ၊ ကားခ ဈေးဆစ်နေရတာ၊ ခရီးသည်တွေကို မချေမငံဆက်ဆံတာ၊  ဘေးကင်းလုံခြုံမှု စိတ်မချရတာ ရှိတယ်လို့ ထောက်ပြ ဝေဖန်ထားပါတယ်။

Grab နဲ့ အွန်လိုင်းကနေ မှာစီးရင် လမ်းထိပ်ထိထွက်ပြီး တက္ကစီစောင့်စရာမလို အိမ်ထိလာကြိုတယ်၊ ဈေးနှုန်းလည်း တခါတည်းပြပြီးသား၊ အချိန်ကုန်ခံ ဈေးဆစ်စရာမလို၊ ယာဉ်မောင်းဘယ်သူ ဆိုတာလည်း ပါပြီးသား၊ ခေတ်နဲ့အညီ စနစ်ကျတယ်၊ Grab ကို ရုပ်သိမ်းစေချင်တယ်ဆိုတာ ခရီးသွား ပြည်သူတွေရဲ့ သဘောဆန္ဒရော မေးပြီးပြီလား စသဖြင့် ကွန်မဲင့်မှာ ဝင်ရောက်ရေးသားထားကြတာကို တွေ့ရပါတယ်။

ဆန္ဒပြခံရတဲ့နောက် ထိုင်းအခြေစိုက် Grab ကုမ္ပဏီဘက်ကလည်း ကြေညာချက် ပြန်လည်ထုတ်ပြန် ချေပခဲ့တာမှာ သူတို့ Grab အနေနဲ့ တက္ကစီ အပါအဝင် တခြား ဘယ်အငှားယာဉ်တွေနဲ့မှ ပြဿနာမရှိခဲ့ဘူး၊ သူတို့ကုမ္ပဏီအဖွဲ့ဝင်ထဲမှာ တက္ကစီကားမောင်းသမားတွေလည်း ပါဝင်တယ်၊ ခရီးသည်မရလို့ အဆင်မပြေဘူးဆိုတဲ့ တက္ကစီသမားတွေကို ကြိုဆိုပါတယ်၊ ခရီးသည်တွေကို ကောင်းစွာဝန်ဆောင်မှုပေးဖို့၊ ကူညီဖို့ ကုမ္ပဏီအနေနဲ့ အဖွဲ့ဝင် ယာဉ်မောင်းတွေကို အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း စတာတွေ အမြဲလုပ်တယ်၊ Grab ဟာ လေဆိပ်မှာ ဝန်ဆောင်မှုပေးဖို့ လေဆိပ်အာဏာပိုင်တွေထံ ခွင့်ပြုချက်ရပြီး ဖြစ်တယ်၊ ဝန်ဆောင်ပေးတဲ့ ကောင်တာတွေလည်း ကိုယ့်နေရာနဲ့ကိုယ် ရှိတယ်၊ တခြား အငှားကားတွေထံက ခရီးသည်လုယူတာ မရှိဘူး၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ငြိမ်းချမ်းစွာ အတူလက်တွဲပြီး ဝန်ဆောင်မှုတွေ ပိုတိုးတက်အောင်  ဆောင်ရွက်မယ် စသဖြင့် ထုတ်ပြန်ထားပါတယ်။

Source: ThaiPBS / MGROnline / Spring News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013