
ကမ္ဘောဒီးယားနိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေ ဆက်မြင့်နေလို့ ဖနွမ်းပင်မြို့တော်က Grab ရုံးချုပ် အပြင်ဘက်မှာ ကမ္ဘောဒီးယား တွတ်တွတ်ယာဉ်မောင်းတွေဟာစုရုံးပြီး Grab ခရီးဝန်ဆောင်မှု ကုမ္ပဏီက ခရီးစဉ်ခတွေ တိုးမြှင့်ပေးဖို့နဲ့ ကော်မရှင်နှုန်းထားတွေကို လျှော့ချပေးဖို့ ဧပြီ ၂၇ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။
တွတ်တွတ်ယာဉ်မောင်းတယောက်ဖြစ်သူ ဆင်မ်နက်ခ်က ကုန်ကျစရိတ်လျှော့ချဖို့ ဓာတ်ဆီအစား LPG ကို အားကိုးနေရတယ်လို့ ပြောပါတယ်။
Grab ကိုလည်း ၂၀၁၇ ခုနှစ်မှာ တကီလိုမီတာကို ရီယယ် ၁,၂၀၀ (ဒေါ်လာ ပြား ၃၀) နှုန်းထား ပြန်သတ်မှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
တွတ်တွတ်ယာဉ်မောင်းတွေဟာ အခုလအစောပိုင်းမှာ ဖနွမ်းပင်မြို့တော်က ကော့ပစ်ချ်ကျွန်းမှာ ဆန္ဒပြခဲ့ပြီး Grab ကို ကော်မရှင်နှုန်းထားတွေ လျှော့ချဖို့ တောင်းဆိုခဲ့ကြပါတယ်။
Grab က တုံ့ပြန်ခဲ့ပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးတဲ့ အစီအမံတွေ ချမှတ်ပြီးပြီလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အပြောင်းအလဲတွေကို မတွေ့ရသေးဘူးလို့ တွတ်တွတ်ယာဉ်မောင်းတွေက ဖနွမ်းပင် မြို့တော်က Grab ရုံးချုပ် အပြင်ဘက်မှာ ဧပြီ ၂၇ ရက်က ပြောပါတယ်။
လက်ရှိ တွတ်တွတ်စီးနင်းခတွေဟာ အချိန်နဲ့ ရာသီဥတုအခြေအနေလို အချက်တွေအပေါ် မူတည်ပြီး တကီလိုမီတာကို ရီယယ် ၉၅၀ မှ ၃,၅၀၀အထိ (ဒေါ်လာ ပြား ၂၀ ကနေ ၈၈ ပြား) အထိ ရှိနေပါတယ်။
အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အီရန်အပေါ် အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲ အပါအဝင် ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတွေ ဆက်မြင့်တက်နေချိန်မှာ တွတ်တွတ်ယာဉ်မောင်းတွေ အခက်အခဲ ကြုံတွေ့နေရတာပါ။
ကမ္ဘောဒီးယားမှာ သက်ရောက်မှုကို အပြင်းအထန် ခံစားရပြီး လောင်စာဆီထောက်ပံ့မှု အကန့်အသတ် ရှိနေလို့ LPG ဓာတ်ငွေ့ရည် အရောင်းဆိုင်တွေမှာ tuk-tuk တွေ နေ့တိုင်း ယာဉ်တန်းရှည်ကြီးအဖြစ် တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
Source: Reuters











