
ရုရှားနိုင်ငံဟာ အီရန်နိုင်ငံကို ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ဆက်လက် ပေးပို့ နေတယ်ဆိုတာကို ငြင်းလို့မရတဲ့ အထောက်အထားတွေ ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) မှာ ရှိထားတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မတ် ၂၃ ရက် ညဘက် ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုခဲ့ပြီး ဒီလိုလုပ်ရပ်တွေက အရှေ့အလယ်ပိုင်းစစ်ပွဲကို ပိုကြာရှည်စေနိုင်တယ်လို့ သတိပေး လိုက်ပါတယ်။
ဇလန်းစကီးက ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးအကြီးအကဲ အိုလက် အိုက်ဗာရှ်ချန်ကိုရဲ့ အစီရင်ခံချက်အရ ရုရှားဟာ သူ့ရဲ့ ကိုယ်ပိုင်အချက်ပြ ထောက်လှမ်းရေးနဲ့ အီလက်ထရွန်းနစ် ထောက်လှမ်းရေးစွမ်းရည်တွေအပြင် အရှေ့အလယ်ပိုင်းက မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ကနေ ရရှိတဲ့ ဒေတာရဲ့ အစိတ်အပိုင်း တခုကိုလည်း အသုံးပြုနေပါတယ်လို့လည်း သူ့ရဲ့ X လူမှုကွန်မှာ ပို့စ်တင်ထားပါတယ်။
ဒါ့အပြင် ရုရှားဟာ စစ်မြေပြင်ပေါ်က အောင်မြင်မှုတွေကို လွန်ကဲအောင် ဖော်ပြပြီး အဲဒီလို တမင်ချဲ့ကား ဖော်ပြထားတဲ့ အချက်အလက်တွေကို နိုင်ငံရေးညှိနှိုင်းမှုတွေမှာ အသုံးပြုနေတယ် လို့လည်း သူကဆိုပါတယ်။
တဖက်မှာလည်း ရုရှားက ယူကရိန်းထဲက သိမ်းပိုက်အုပ်ချုပ်ထားတဲ့ နယ်မြေတွေမှာ အဝေးထိန်း ဒရုန်းထိန်းချုပ်စခန်းတွေ ထပ်မံတပ်ဆင်ဖို့ စီစဉ်နေပြီး ဘယ်လာရုစ်မှာလည်း စခန်း ၄ ခု တည်ဆောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ယူကရိန်းဘက်ကလည်း သင့်တော်တဲ့ တုံ့ပြန်မှုတွေ လုပ်မယ်လို့ ပြောပါတယ်။
ဇလန်းစကီးက ဒါဟာ ဖျက်လိုဖျက်ဆီးလုပ်ရပ်ဖြစ်ပြီး နောက်ထပ် မတည်ငြိမ်မှုတွေပဲ ဖြစ်စေတဲ့ အတွက် ရပ်တန့်ရမယ်လို့ ပြောကြားပြီး ဒီလို လုပ်ဆောင်မှုကြောင့် ကမ္ဘာ့လောင်စာဆီ ဈေးကွက် မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေကာ နိုင်ငံအများအပြားမှာ စွမ်းအင်အခက်အခဲတွေကို ပိုဆိုးရွားစေ ကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ရုရှားဟာ အီရန်နဲ့ ဂြိုဟ်တုပုံရိပ်တွေကို မျှဝေခြင်းနဲ့ တိုးတက်လာတဲ့ ဒရုန်း နည်းပညာတွေကို ပိုကောင်းမွန်အောင် လုပ်ဆောင်နေတယ်ဆိုတဲ့ The Wall Street Journal ရဲ့ သတင်းကို “သတင်းတု” ဆိုပြီး ကရင်မ်လင်နန်းတော်က ပယ်ချခဲ့ပါတယ်။
Source: Reuters










