
အရှေ့အလယ်ပိုင်းက နိုင်ငံရေးနဲ့ လုံခြုံရေးအစီအစဉ်ကို ဒေသတွင်းနိုင်ငံတွေကသာ ဆုံးဖြတ်သင့် တယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက ဇွန် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ပြင်ပပါဝင်ပတ်သက်မှုကို ငြင်းပယ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ကိုလည်း တောင်း ဆိုခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် တရပ် ကို ချုပ်ဆိုဖို့ ကြိုးပမ်းနေချိန်မှာ အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူမှာ ကျင်းပတဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ လွှတ်တော်သမဂ္ဂအစည်းအဝေးမှာ မိုဟာမက် ဘာကာ ကာလီဘတ် က မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။
သူ့ရဲ့မှတ်ချက်တွေကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန် နှစ်ဖက်စလုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ပွဲကို အဆုံးသတ်ဖို့ မူအားဖြင့် ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေကို ချမှတ်တဲ့ အချက် ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာကို လက်မှတ် ထိုးခဲ့ကြပါတယ်။
ယာယီသဘောတူညီချက်ဟာ အီရန် နျူကလီးယားအစီအစဉ်နဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေ အပါအဝင် ပိုခက်ခဲတဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးဖို့ ရည်ရွယ်တဲ့ ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးပွဲတွေအတွက် လမ်းခင်းပေးခဲ့ပါတယ်။
အစ္စလာမ္မာဘတ် နားလည်မှုစာချွန်လွှာ (MoU) ထဲမှာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်အကြောင်း မဖော်ပြထားဘဲ ဆွေးနွေးပွဲတွေအတွင်း ဒီကိစ္စရပ်က “စားပွဲပေါ်မှာရော အစီအစဉ်မှာပါ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်ဇ် ရှာရစ်ဖ်က အင်္ဂါနေ့မှာ အလေးပေး ပြောကြားခဲ့ပါတယ်။
အီရန်ဟာ ဒီကိစ္စကို ဆွေးနွေးဖို့ ဘယ်သောအခါမှ သဘောမတူခဲ့ဘူးလို့လည်း အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ရှက်ဘတ်ဇ်က ပြောခဲ့ပါတယ်။
အမေရိကန်-အီရန် ငြိမ်းချမ်းရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပြီးတဲ့နောက် လက်ရှိ ဖြစ်နေတဲ့ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို ဆွေးနွေးဖို့ အင်္ဂါနေ့မှာ ပေဇက်ရှ်ကီယန်က ပါကစ္စတန်ဆီ နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်လာပါတယ်။
လက်ဘနွန်အပါအဝင် ကဏ္ဍအတော်များများမှာ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ စာရွက် စာတမ်းကို အီရန်သမ္မတ ပေဇက်ရှ်ကီယန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့က ဇွန် ၁၈ ရက်မှာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။
ပေဇက်ရှ်ကီယန်က သဘောတူညီချက်မှာ ဒုံးကျည်တွေအကြောင်း ရည်ညွှန်းချက် မပါဝင်ဘဲ အနာဂတ်မှာလည်း ထည့်သွင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အီရန်ဟာ ကာကွယ်ရေးစွမ်းရည်တွေကို ဘယ်သူနဲ့မှ ညှိနှိုင်းမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
ထရမ့်ပ်က အီရန်မှာ ပဲ့ထိန်းဒုံးကျည်တွေ ရှိတာကို မကန့်ကွက်ဘူးလို့ လွန်ခဲ့တဲ့ သီတင်းတပတ် လောက်က ပြောခဲ့ပေမဲ့ အစ္စရေးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
တခြားနိုင်ငံတွေမှာ ပဲ့ထိန်းဒုံးကျည်တွေရှိရင် အီရန်မှာ ပဲ့ထိန်းဒုံးကျည်တွေ မရှိတာက ‘မမျှတ’ ဘူးလို့လည်း ထရမ့်ပ်က ထပ်လောင်း ပြောခဲ့ပါတယ်။
Source:Reuters











