DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာကိုစွဲထားသည့်အမှု ဖေဖော်ဝါရီ ၂၁ ရက် ပြန်လည်ကြားနာမည်
DVB
·
January 20, 2022
ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာကိုစွဲထားသည့်အမှု ဖေဖော်ဝါရီ ၂၁ ရက် ပြန်လည်ကြားနာမည်
Donate to DVB

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို  တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြန်လည်ကြားနာဖို့ရှိတယ်လို့ တရားရုံးက ထုတ်ပြန်ပါတယ်။

ဒီတခါမှာတော့ မြန်မာနိုင်ငံက မဏာမကန့်ကွက်တာတွေအပေါ် ကြားနာမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ အခြေအနေတွေကြောင့် တရားသူကြီးအဖွဲ့ဝင်တချို့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာရှိတဲ့တရားရုံးမှာ ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး တချို့ကတော့ အွန်လိုင်းကနေပါဝင်မယ်လို့ဆိုပါတယ်။

ကြားနာပွဲမှာ တက်ရောက်ပါဝင်ရမယ့်သူတွေကလည်း လူကိုယ်တိုင်ဖြစ်စေ အွန်လိုင်းကဖြစ်စေ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ အွန်လိုင်းကနေ ပါဝင်တက်ရောက်မယ့် သူတွေအတွက် စည်းမျဉ်းတွေကိုလည်း တရားရုံးက ထုတ်ပြန်ထားပါတယ်။

ကြားနာပွဲအစီအစဉ်ကတော့ ဖေဖော်ဝါရီ ၂၁ ရက်၊ နယ်သာလန် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲ ကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ပထမအကျော့ တင်ပြမှာဖြစ်ပြီး ၂၃ ရက် နေ့လယ် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ပထမအကျော့ တင်ပြရမှာဖြစ်ပါတယ်။

ဒုတိယအကျော့တင်ပြရမှာကတော့ ၂၅  ရက် နေ့လယ် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဖြစ်ပြီး ၂၈ ရက် နေ့လယ် ၃ နာရီမှ  ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဖြစ်ပါတယ်။

ဒါဟာ အများပြည်သူ နားထောင်နိုင်တဲ့ ကြားနာပွဲဖြစ်ပြီး ICJ ရဲ့ အင်တာနက်စာမျက်နှာနဲ့ ကုလသမဂ္ဂရဲ့ အွန်လိုင်း ရုပ်သံလွှင့်စာမျက်နှာ UN Web TV တို့မှာ တိုက်ရိုက်နားဆင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး   ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သည်ဟိတ်မြို့သို့ ဦးဆောင်သွားရောက် တရားရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။

အခု စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားချိန်ဖြစ်လို့ ဘယ်သူသွားရောက်တရားရင်ဆိုင်မယ်ဆိုတာ  မသိရသေးပါဘူး။

စစ်ကောင်စီကတော့ ICJ မှာ တရားရင်ဆိုင်ဖို့အတွက် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်ကို တာဝန်ပေးထားတယ်လို့ သတင်းတွေထွက်နေပါတယ်။   ဒါပေမဲ့   ICJ တရားရုံးအနေနဲ့  စစ်ကောင်စီကိုယ်စားလှယ်ကို မြန်မာနိုင်ငံကိုယ်စားပြုခွင့် ပေးမယ် မပေးဘူး ဖိတ်မယ် မဖိတ်ဘူး ရှင်းရှင်းလင်း မသိရသေးပါဘူး။ 

ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ ရှေ့နေဦးအောင်ထူးကတော့ “အန်ယူဂျီကို အစားထိုးလိုက်ပြီ သို့မဟုတ်လို့ရှိရင် စစ်ကောင်စီကို အစားထိုးလိုက်ပြီဆိုတဲ့အချက်ကို သတင်းအရ ကျနော်တော့ မရှင်းလင်းဘူးဗျ။ တိတိကျကျမတွေ့ရသေးဘူး။ ဒီကိစ္စက အိုင်စီဂျေသမိုင်းမှာ ဖြစ်ခဲ့ဖူးတယ်လို့ ကျနော် လေ့လာလို့ မရခဲ့ဘူး။ ဒါက အကြောင်းအရာအသစ်ဖြစ်တယ်။ ဥပဒေကြောင်းအရ အသစ်ဖြစ်တယ်။ ဘယ်တိုင်းပြည်ကို ကိုယ်စားပြုပြီး ဘယ်အစိုးရကတက်မလဲဆိုတာ အကြောင်းအရာ အသစ်ဖြစ်တယ်” လို့ ပြောပါတယ်။

အန်ယူဂျီအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် တာဝန်ခံပြီး အိုင်စီဂျေမှာ ရင်ဆိုင်ဖို့ သူက တိုက်တွန်းပါတယ်။

ယူကေအခြေစိုက်  ရိုဟင်ဂျာအသင်း  ဥက္ကဋ္ဌ ကိုထွန်းခင်ကတော့  အခုလို လူမျိုးတုံးသတ်ဖြတ်မှုတွေကို  နှစ်ပေါင်းများစွာကပဲ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီအနေနဲ့ သွားရောက်ဖြေရှင်းရင် စစ်တပ်အတွက် နိုင်ငံတကာဖိအား ပိုများလာနိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးဟာ ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၄၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013