DVB Logo
Home
မြန်မာသတင်း
ဖလမ်းနှင့်ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ်အချို့၏ နေအိမ်များ ချိပ်ပိတ်ခံရ
DVB
·
January 19, 2022
ဖလမ်းနှင့်ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ်အချို့၏ နေအိမ်များ ချိပ်ပိတ်ခံရ
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရဲ့ နေအိမ်တွေကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖလမ်းမြို့နယ် ကျင်မွှာလ်ရပ်ကွက်မှာရှိတဲ့ ပြည်နယ်လွှတ်တော်အမတ် ပူရွယ်နှင်းရဲ့နေအိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့ရပ်ကွက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးရဲ့နေအိမ်၊ ကလေးမြို့လှိုင်သာယာရပ်ကွက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တို့က လာရောက်ချိပ်ပိတ်ခဲ့ကြတာလို့ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “အင်အားက ၁၅ ယောက်လောက်ရှိမယ်၊ ဒီမနက်ပိုင်းမှာ ချိပ်လာပိတ်တာပါ။ လူမရှိတဲ့အိမ်မှာ ဗီနိုင်းအနီတွေ လာကပ်တာ နိုင်ငံတော်ပိုင်သိမ်းတယ်ဆိုတဲ့စာနဲ့။ ရပ်ကွက်ထဲက လူတွေကလည်း သူတို့ကိုမြင်တာနဲ့ ထွက်ပြေးကြတဲ့အခြေအနေကိုရောက်နေပြီ။ စစ်ကောင်စီက တွေ့ကရာကို ပစ်သတ်နေတာ၊ တိုက်ပွဲတွေကလည်း မငြိမ်းချမ်းသေးဘူးလေ“ လို့  ပြောပါတယ်။

ချိပ်ပိတ်ထားတဲ့ အိမ်တွေရဲ့ရှေ့မှာ ဗီနိုင်းအနီရောင်နဲ့ “ဤအဆောက်အဦနှင့် မြေနေရာသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့်ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ ရောင်းချခြင်း/ ရောင်းဝယ်ခြင်းမပြုလုပ်ရ” လို့ ရေးသားတဲ့စာကို ကပ်ထားခဲ့တာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၁ ရက်နေ့မနက်ပိုင်းကလည်း ချင်းပြည်နယ်၊  ဟားခါးမြို့က CNLD လွှတ်တော်ကိုယ်စားလှယ် ပူရှမ်းမန် ရဲ့နေအိမ် ချိပ်ပိတ်ခံခဲ့ရပါသေးတယ်။ ပူရှမ်းမန်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မဲအနိုင်ရရှိခဲ့သူ ဖြစ်တယ်လို့ ဟားခါးဒေသခံတွေဆီက သိရပါတယ်။

သူ့ရဲ့ နေအိမ်မှာ “အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုငခွင့်ပေးကြောင်း ဖော်ထုတ် ရရှိသည့်အတွက် အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ နေအိမ်အဆောက်အဦးပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ ၅၆ အရ နေအိမ်၊ အဆောက်အဦအားနိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်သည်” လို့ ရေးသားထားတဲ့ ဗီနိုင်းအနီရောင် ကပ်ထားခဲ့တာဖြစ်ပါတယ်။ 

ပူရှမ်းမန်ရဲ့သားဟာ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးက ဒုတိယဆေးရုံအုပ် ဒေါက်တာ မန်ဗျက်ကုန်ပြီး CDM ပြုလုပ်ခဲ့တာကြောင့် ၂၀၂၁  စက်တင်ဘာ ၉ ရက်နေ့မှာ  စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပြီး ၃ ရက်အကြာမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကနေ ရွေးကောက်ခံရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်းစားလှယ် ဆလိုင်းမျိုးထိုက်ရဲ့ နေအိမ်နဲ့ အိမ်ဝန်းထဲက ဘုရားကျောင်းကိုပါ စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

NUG အစိုးရဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းရဲ့ ဟားခါးမြို့က နေအိမ်ကိုလည်း ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013