DVB Logo
Home
မြန်မာသတင်း
ကမ္မမြို့က ရဲတပ်သားတစ်ဦး လက်နက်ယူ ထွက်ပြေး၊ စစ်ကောင်စီတပ် တောနင်းရှာဖွေ
DVB
·
January 19, 2022
ကမ္မမြို့က ရဲတပ်သားတစ်ဦး လက်နက်ယူ ထွက်ပြေး၊ စစ်ကောင်စီတပ် တောနင်းရှာဖွေ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကမ္မမြို့ အနောက်ဘက်က သာကြီးတောင်ရေနံမြေရဲစခန်းက တပ်သားတစ်ဦး လက်နက်တွေနဲ့ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်တွေ တောနင်း လိုက်လံရှာဖွေနေတယ်လို့ ကမ္မမြို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၀ နာရီလောက်က လက်နက်အပြည့်အစုံကိုယူပြီး ထွက်ပြေးတာကြောင့် စစ်ကောင်စီတပ်က ဆဲဆိုပြီး သေနတ်တွေကို ရမ်းသမ်းပစ်ခတ် ရင်းလိုက်လံရှာဖွေနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သာကြီးတောင် ရေနံမြေ ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်တွေယူပြီးတော့ ထွက်ပြေးသွားတယ်လို့ ပြောတယ်။ ဖောကားတစ်စီးနဲ့ရော ခြေလျင်တွေနဲ့ရော လိုက်ရှာပြီးဆဲဆို ပစ်ခတ်နေရင်းရှာနေကြတာ၊ အနားဝတ်ဝန်းကျင်မှာ ရှာတော့ရှာနေကြတယ်။ အခုထိတော့ တွေ့သံမကြားသေးဘူး၊ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာပါစေလို့ ဆုတောင်းပေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ညနေပိုင်းကလည်း ပခုက္ကူရဲစခန်းအနီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားခဲ့တဲ့မိုင်းကို ပြည်သူတစ်ဦးက ကောက်ယူခဲ့တာကြောင့် မိုင်းခွဲတဲ့ Mission မအောင်မြင်ခဲ့ဘူးလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

အဲဒီလိုဖောက်ခွဲမှုပြုလုပ်ဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အချိန် ၅ ရက်လောက် ယူခဲ့ရပြီး ပြည်သူတွေ အထိအခိုက်နည်းအောင် အတတ်နိုင်ဆုံး သေချာလုပ်ခဲ့တာကြောင့် ကုန်ကျစရိတ်လည်း ပုံမှန်ထက် ပိုများပြီး အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

PDF အဖွဲ့တွေက ကြိုးပမ်းပေမယ့်လည်း ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအားနည်းခဲ့တာကြောင့် မိုင်းခွဲတဲ့လုပ်ငန်းစဉ်တွေမှာ အောင်မြင်မှုနည်းနေတယ်လို့ ဆိုပါတယ်။

“ဒလန်တွေ ပျူတွေဆိုတာ ဂျိုမပါလို့ ဘယ်သူက ဘာမှန်းမသိလို့၊ သူတို့နဲ့အနီးမှာ ရှိနေတာ ခင်ဗျားတို့အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ အခုလိုအစိုးရရုံးတွေ ရဲစခန်း၊ စစ်တပ်တွေ လိုမျိုးနေရာတွေကတော့ ရှောင်ကို ရှောင်ရမယ်။ နောက်ပြီး စစ်သားတွေ သေနတ်ကြီး ထောင်ပြီး သဲအိတ်နောက် ပုန်းနေတဲ့နေရာတွေ၊ ဘဏ်တွေရဲ့ အရှေ့တွေ ဆိုတာကလည်း ကွေ့ကွင်းပြီး သွားသင့်တဲ့နေရာတွေ၊ အကောင်းဆုံးကတော့ လမ်းမကြီးတိုင်းမသွားဘဲ လမ်းကြားတွေကနေ လိုရာခရီးကို သွားကြဖို့ပါ၊ မလွှဲသာလို့ဖြတ်သန်းရမယ်ဆိုရင်တောင်၊ ဂရုတစိုက်မြန်မြန်ဆန်ဆန်ဝေးနိုင်သမျှ နေရာကနေ စီးကြသွားကြပါ၊ သတိပေးတဲ့ကြားက မတော်တဆထိသွားမယ်ဆိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေကို အပြစ်မဆိုပါဘူး။ ထိသွားတဲ့ပြည်သူတွေကိုလည်း အပြစ်မဆိုရက်ဘူး။ ထိလည်းလုံးဝမထိစေချင်ပါဘူး။ အားလုံးဘေးကင်းစွာနဲ့ Mission ပဲအောင်စေချင်တာပါ” လို့ Young Force PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုင်းခွဲဖို့အတွက် ရဲစခန်းအနီးတဝိုက်မှာ မိုင်းဆင်ခဲ့တာဖြစ်ပြီး ပြည်သူတဦးက ကောက်ယူခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013