DVB Logo
Home
Lead Story
အောင်ပန်းဆင်တော့မယ့် ကမ္ဘာ့အရဲရင့်ဆုံးလူမျိုးတွေရဲ့ နွေဦးတော်လှန်ရေး
DVB
·
January 19, 2022
အောင်ပန်းဆင်တော့မယ့် ကမ္ဘာ့အရဲရင့်ဆုံးလူမျိုးတွေရဲ့ နွေဦးတော်လှန်ရေး
Donate to DVB

ကမ္ဘာကြီးမှာ တိုင်းနိုင်ငံပေါင်း ၁၉၅ နိုင်ငံနဲ့ လူဦးရေအားဖြင့် သန်းပေါင်း ၇၉၀၀ ကျော်ရှိပါတယ်။ နိုင်ငံအသီးသီးက လူမျိုးတိုင်းဟာ မိမိနိုင်ငံ မိမိလူမျိုးကို၊ မိမိနယ်ပယ်၊ မိမိအင်ပါယာကို ချစ်တဲ့စိတ်နဲ့ မိမိတို့လူမျိုးကသာ သတ္တိအရှိဆုံး၊ အရဲရင့်ဆုံးလို့ ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့ရာစုနှစ်များစွာက အတိတ်ကာလအဖြစ်အပျက်တွေပေါ် မူတည်လို့ သတ္တိ‌ကောင်းတယ်၊ ရဲရင့်တယ်လို့ တချို့သောသူတွေက ဆိုစမှတ်ပြုကြတဲ့အထဲမှာ ကာဒ်လူမျိုး၊ ပါရှန်းလူမျိုး၊ ရောမလူမျိုး၊ မွန်ဂိုလီးယားလူမျိုး၊ တီးဂရစ်လူမျိုး၊ ဂရိလူမျိုးတို့ပါဝင်ကြပါတယ်။

သူ့ခေတ်သူ့အခါ အုပ်ချုပ်ပုံစနစ်၊ နိုင်ငံရေး၊ ဘာသာရေးယုံကြည်မှုအခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ၊ ကျူးကျော်စစ်တွေ၊ ခုခံစစ်တွေ၊ သမိုင်းဖြစ်ရပ်တွေပေါ် မူတည်လို့ အထက်ပါလူမျိုးတွေဟာ သူတို့သမိုင်းကိုသူတို့ ရေးခဲ့ကြပြီး သူတို့ရဲ့ သတ္တိရဲရင့်မှုတွေ၊ တခါတရံ မိုက်ရူးရဲဆန်မှုတွေကို သက်သေထူခဲ့ကြပါတယ်။

ဒီကနေ့ ၂၁ ရာစုခေတ်ရဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အရှိန်အဟုန်နဲ့ ဖြစ်ပျက်လာတဲ့ စစ်အာဏာရှင် တော်လှန်ရေးလှိုင်းလုံးကြီးတွေအထက် နိုင်ငံတကာက အာရုံစိုက် အသိအမှတ်ပြုလာရအောင် စူးရှတောက်ပ‌နေတဲ့ ကြယ်တံခွန်‌ကြီးပမာ ပေါ်ထွန်းလာတဲ့ သတ္တိ‌ပြောင်မြောက်ရဲရင့်တဲ့ လူမျိုးကတော့ ပြည်ထောင်စုမြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။

ပါဠိဘာသာစကားက ဆင်းသက်လာတဲ့သတ္တိဆိုတဲ့ စကားရပ်ကို ရဲရင့်ခြင်း (Courage)၊ စွမ်းရည် (Ability) လို့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။ သတ္တိကောင်းတယ်၊ ရဲရင့်တယ်ဆိုကြတဲ့အခါ အမှန်တရားကို စောင့်ရှောက်မှု၊ တရားမျှတမှု ဓမ္မဘက်က ရပ်တည်မှု၊ ဉာဏ်ပညာဦးစီးမှုတွေ ဒွန်တွဲပါဝင်မှသာ ပိုမိုပြည့်စုံမှန်ကန်နိုင်ပါလိမ့်မယ်။

အမှန်တရားဘက်က မရပ်တည်ဘဲ အသိဉာဏ်မဦးစီးဘဲ အများအကျိုးကို ဆန့်ကျင်တဲ့ဘက်မှာ ရပ်တည်ပြီး ရက်ရက်စက်စက် ဘာမဆိုလုပ်ရဲတာ၊ လုပ်ဝံ့တာကို ရဲစွမ်းသတ္တိရှိတယ်ဆိုတာထက် မိုက်ရူးရဲဆန်တာပဲလို့ပဲ သတ်မှတ်လေ့ရှိပါတယ်။ 

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နီပွန်တပ်မတော်က ကာမေကာဇေပိုင်းလော့တွေရဲ့ ရန်သူ့သင်္ဘောခေါင်းတိုင်ထဲ ဇီးရိုးလေယာဉ်တွေ ဒိုင်ဗင်ထိုးချခဲ့တဲ့ အသေခံရဲမှုဟာ ဂျပန်အင်ပါယာနဲ့ ဂျပန်လူမျိုးတမျိုးအကျိုးစီးပွားအတွက် မျက်ကန်းမျိုးချစ် မိုက်ရူးရဲလုပ်ရပ်လို့ပဲ သတ်မှတ်ကြပါတယ်။ 

လူတချို့ကတော့ အများမလုပ်ရဲ၊ မလုပ်ဝံ့တဲ့ကိစ္စ လုပ်ရဲလုပ်ဝံ့တာ၊ အကြောက်အလန့်မရှိတာ သေနတ်ကို သေနတ်ချင်း ပစ်ရဲတာ၊ ဓား ဓားချင်း၊ လှံ လှံချင်း ထိုးခုတ်ရဲတာကိုမှ သတ္တိလို့ ထင်တတ်ကြပါတယ်။ မိုက်ရူးရဲဆန်တာနဲ့ ရဲစွမ်းသတ္တိကို ခွဲခြားနားလည်တတ်ဖို့လည်း လိုပါသေးတယ်။

ရဲစွမ်းသတ္တိနဲ့ပတ်သက်လို့ ဒေါက်တာနန္ဒမာလာ ရေးသားထားသလို သဘာဝအားဖြင့် သုံးမျိုးရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကာယသတ္တိ၊ စိတ္တသတ္တိနဲ့ စာရိတ္တသတ္တိတို့ ဖြစ်ကြပါတယ်။

(၁) ကာယသတ္တိ

ဒီသတ္တိမျိုးကက ရုပ်ပိုင်းဆိုင်ရာ ရဲရင့်မှုဖြစ်တာမို့ နည်းစနစ်နဲ့ ကိုယ်ခန္ဓာကို သန်စွမ်းကြံ့ခိုင်လာ‌အောင် လေ့ကျင့်ပျိုးထောင်ယူရင် ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိလာပြီး ခန္ဓာကိုယ်သန်စွမ်းလာတာနဲ့အမျှ ရဲရင့်လာတဲ့ ကာယသတ္တိကို ရလာပါတယ်။

(၂) စိတ္တသတ္တိ

ဒီသတ္တိမျိုးကတော့ စိတ်ပိုင်းဆိုင်ရာရဲရင့်မှု၊ မြင့်မြတ်မှုမျိုး ဖြစ်ပါတယ်။ အမှန်တရားအတွက် ရပ်တည်ရာမှာ အသက်ကိုပဓာနမထားတတ်တဲ့ ရဲရင့်မှုမျိုး၊ လက်နက်ခွန်အားကြီးသူက လက်နက်မဲ့သူ၊ ခွန်အားနည်းသူကို အနိုင်ယူနိုင်လျက်သားနဲ့ အနိုင်မယူဘဲ အလျှော့ပေးလိုက်တာမျိုး၊ သက်ညှာလိုက်တာ၊ သဘောထားကြီးရင့်ပေးလိုက်တာမျိုး ဖြစ်ပါတယ်။ မိမိလက်အောက်က ဝန်ထမ်းကို မိမိရဲ့ရာထူးသြဇာကို သုံးပြီး မတော်မတရား မလုပ်တာမျိုး၊ မိမိမှာသာတဲ့ ဓနဥစ္စာ ပညာအရည်အချင်းနဲ့ သူတစ်ပါးကို မနှိပ်စက်တာမျိုးပါဘဲ။

(၃) စာရိတ္တသတ္တိ

ဒီသတ္တိမျိုးကတော့ ကိုယ်ကျင့်သီလ၊ စာရိတ္တ ဝါရိတ္တ ရဲရင့်မွန်မြတ်တာမျိုး ဖြစ်ပါတယ်။ လေ့ကျင့်ပျိုးထောင်ယူဖို့ အခက်ဆုံးပဲ ဖြစ်တယ်။ အာဏာရာထူး ပစ္စည်းဥစ္စာ အစစအရာရာကို မတရားတဲ့ မမျှတတဲ့နည်းနဲ့ ဘယ်တော့မှ မယူဘူးဆိုတဲ့ သတ္တိမျိုး။ အားကစားပြိုင်ရာမှာ အားကစားစည်းမျဥ်းနဲ့မညီတဲ့ ဘောင်မ၀င်တဲ့နည်းတွေနဲ့ လုံး၀အနိုင်မယူဘဲ တရားမျှတစွာ အနိုင်ယူချင်တဲ့ သတ္တိရဲရင့်မှုမျိုးပဲ ဖြစ်ပါတယ်။

အထက်ပါ သတ္တိသုံးမျိုးလုံးဟာ ဆင်ခြင်တုံတရား အသိဉာဏ်ဦးစီးပြီး ကျင့်သုံးမယ်၊ အပြန်အလှန် ပေါင်းစပ်အသုံးပြုမယ်ဆိုရင် အလွန်တန်ဖိုးပြီး လူ့သမိုင်းသစ်မှတ်တိုင်တွေ စိုက်ထူနိုင်စေပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ အတိတ်သမိုင်းတလျှောက်မှာ အဲဒီသတ္တိ ၃ မျိုးစလုံးနဲ့ ပြည့်စုံတဲ့သူ များများစားမပေါ်ထွန်းခဲ့ပေမဲ့ ဒီဘက်ခေတ်မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထု‌ခေါင်း‌ဆောင်ကိုယ်တိုင်က စတင်လို့ ကာယသတ္တိ၊ စိတ္တသတ္တိ၊ စာရိတ္တသတ္တိ ၃ မျိုးစလုံး ပြည့်စုံပြသဦးဆောင်ခဲ့တာမို့ သူ့ကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေဟာလည်း ခေါင်းဆောင်ကောင်း‌‌ ခြေရာလိုက်နင်းတဲ့ နောက်လိုက်ကောင်းတွေပီပီ သတ္တိသုံးမျိုးလုံးနဲ့ ပြည့်စုံရဲရင့်လာကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မှန်ကန်တဲ့ သတ္တိရှိ‌ရေးနဲ့ ရဲရင့်ကြဖို့အတွက် သူ့ရဲ့ လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများစာအုပ်ထဲမှာ ဘာသာပြန်ကဗျာတပုဒ်ထဲက အောက်ပါမှတ်သားဖွယ်ရာ စာစု‌လေးကို ထည့်သွင်းဖွင့်ဆိုရေးသားခဲ့ပါတယ်။

“ပင်ပန်းခံရမှုများနဲ့ ရဲရင့်ပါ”

“ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်တဲ့။ ဒီလမ်းဟာ အန္တရာယ်များတယ်။ ဒုက္ခတွေ များတယ်။ ဒီဒုက္ခတွေ အန္တရာယ်တွေကို ရင်ဆိုင်နိုင်အောင်လို့ ကိုယ်က ရဲစွမ်းသတ္တိရှိရမယ်။ ရဲစွမ်းသတ္တိဆိုတာ ကြောက်လျက်နဲ့ မှန်တာကို လုပ်ရဲတာ သတ္တိအစစ်အမှန်ပဲ။ ဒီခေတ်မှာ ဆိုလို့ရှိရင် မှန်တာလုပ်တဲ့သူတွေ အများကြီး အချုပ်အနှောင်ခံရတယ်။ အများကြီး ဒုက္ခပေးခံရတယ်။ ဒါပေမဲ့လည်း မှန်တာမို့လို့ဆိုပြီးတော့ လုပ်ရဲတဲ့သတ္တိ ရှိရမယ်။ ပင်ပန်းခံရများသောကြောင့် ရဲရင့်ရမယ်”

ဒေါ်အောင်ဆန်းစုကြည်က “သတ္တိဆိုတာ မကြောက်တတ်တာဟာ တကယ့်သတ္တိ မဟုတ်ဘူး။ ကြောက်လျက်နဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတာဟာ တကယ့်သတ္တိပဲ” လို့လည်း ပြောဆိုခဲ့ပါတယ်။

လူမျိုးကြီးဝါဒနဲ့ လူလူချင်း အသားအရောင်ခွဲခြားပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူဖြူအစိုးရကို ရင်ဆိုင်ခဲ့ရတဲ့ တောင်အာဖရိကနိုင်ငံရဲ့ လူထုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နယ်ဆင်မင်ဒဲလားက ရဲရင့်မှုသတ္တိနဲ့ပတ်သက်လို့ ဒီလိုပြောခဲ့ဖူးပါတယ်။  

“ရဲရင့်မှုဆိုတာ အကြောက်တရားကင်းမဲ့တာ မဟုတ်ဘူး၊ ရှိတဲ့အကြောက်တရားကို‌ ကျော်လွှားနိုင်မှုပဲ ဆိုတာ ငါ သင်ယူခဲ့တယ်။ ရဲရင့်သူဆိုတာ မကြောက်တတ်သူ မဟုတ်ပေမဲ့ အကြောက်တရားကို အောင်နိုင်သူသာ ဖြစ်ပါတယ်။”

“I learned that courage was not the absence of fear, but the triumph over it. The brave man is not he who does not feel afraid, but he who conquers that fear.”

အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးပိသုကာကြီး မဟတ္တမ္မဂန္ဒီကတော့ “ရဲစွမ်းသတ္တိဆိုတာ.. ကိုယ်ကာယ ကြွက်သားတွေရဲ့ကိစ္စမဟုတ်ဘူး... စိတ်နှလုံးသားရဲ့ကိစ္စ”လို့ ဆိုပါတယ်။ (Courage has never been known to be a matter of muscle; it is a matter of the heart).

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်အခွင့်ထူးခံ လူမိုက်တအုပ်ရဲ့ နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး အကြမ်းဖက်လုယူခဲ့ရာက ပေါ်ထွန်းလာတဲ့ မြန်မာ့နွေဦးအရေးတော်ပုံကြီးမှာ အားပြိုင်ရင်ဆိုင်နေကြတဲ့ အဖိနှိပ်ခံပြည်သူလူထုနဲ့ အခွင့်ထူးခံလူတစုတို့ရဲ့ တိုက်ပွဲမှာ အဆုံးအဖြတ်ပေးမှာက ရဲစွမ်းသတ္တိပဲ ဖြစ်ပါတယ်။ 

အဖိနှိပ်ခံပြည်သူတွေဘက်ကို ကြည့်လိုက်ရင် လူထုခေါင်းဆောင်ဟာ နေအိမ်အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ ခံနိုင်ရည်မြင့်မားတဲ့ ကာယသတ္တိ၊ အမှန်တရားနဲ့ ပြည်သူအကျိုးအတွက် ရပ်တည်ရာမှာ အသက်ကို ပဓာနမထားဘဲ လက်ညှိုးတချက် လှုပ်လိုက်ရင် ကျည်ဆန်ထွက်လာမယ့် သေမင်းတမန် သေနတ်ပြောင်းဝကို ရင်ဆိုင်ရဲတဲ့ ရဲရင့်မှုမျိုး စိတ္တသတ္တိ၊ မတရားမှုလက်မခံ၊ မကောင်းမှုပြုတာကို လက်မခံတဲ့ ကိုယ်ကျင့်သီလခိုင်ခံ့တဲ့ စာရိတ္တသတ္တိ စတဲ့ သတ္တိသုံးမျိုးလုံးနဲ့ ပြည့်စုံနေသလို နောက်လိုက်ကောင်းတွေဖြစ်တဲ့ ပြည်သူလူထုကလည်း ဆရာထက်တပည့်က လက်စောင်းထက် ဆိုသလို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်နေတာ သိပါလျက်နဲ ၁၁ လတိုင်အောင် အမှန်တရားအတွက် သတ္တိ ၃ မျိုးလုံး ပြည့်စုံစွာ ရဲရဲဝံ့ဝံ့ လမ်းပေါ်ဆန္ဒပြမပျက်၊ အသက်အန္တရာယ်နဲ့ ဘဝပျက်နိုင်မှန်းသိလျက် ဝန်ထမ်းအာဏာဖီဆန်ရေး CDM ဆက်လုပ်နေကြသလို လက်နက်အင်အားချင်း မမျှပေမဲ့ ရရာ တူမီး၊ ဒူးလေး၊ လက်လုပ်မိုင်းတွေနဲ့ တိုက်ပွဲဝင်နေကြတဲ့ PDF တွေ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ အကြမ်းဖက်စစ်တပ်ကို နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူ့သားသမီးတွေဟာ တိုက်ပွဲမစခင်က အောင်စိတ်နဲ့ ချီနေကြတာ မဟုတ်လား။

တဖက်က အာဏာရှင်သစ္စာ ခံဖက်ဆစ်စစ်တပ်ဘက်မှာတော့ သတ္တိ‌ကြောင်ပြီး ကိုယ်ကျင့်သီလ ပျက်ယွင်းနေတဲ့ အခွင့်ထူးခံစစ်ဗိုလ်စစ်သားတွေ၊ အသိဉာဏ်နိမ့်ကျပြီး မျက်ကန်းမျိုးချစ် မိုက်ရူးရဲတွေ၊ မြင်းဆေးတွေ၊ ယာဘဆေးတွေ စားပြီး စစ်တိုက်ရဲတဲ့ လူအန္ဓတွေ ဖြစ်ကြပါတယ်။ အဓမ္မအုပ်စုဟာ မတိုက်ခင်က လက်နက်ချမယ့် စိတ်ဓာတ်ယိမ်းယိုင် ပျက်ပြားနေကြပါပြီ။

ဒါ‌ကြောင့် ဒီတိုက်ပွဲရဲ့အဖြေက ထွက်နေပါပြီ။ နိုင်ငံ‌ရေးညွှန်ကိန်းအားလုံး စုဆုံနေတဲ့ ကမ္ဘာပေါ်မှာ အရဲရင့်ဆုံး၊ သတ္တိ ၃ မျိုးနဲ့ ပြီးပြည့်စုံနေတဲ့ လူမျိုးတွေ၊ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ မကြာခင်မှာ အောင်ပန်းဆင်လို့ ပွဲခံရမှာ ဧကန်မုချဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013