
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲက ထန်းပင်ကုန်းကျေးရွာကို ဇွန် ၉ ရက်မနက်မှာ စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “ထန်းပင်ကုန်းရွာဆိုတာ အုတ်ဖိုရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတာပါ။ စစ်တပ်စစ်ကြောင်းက အဲ့ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ ရွာထဲကိုဝင်လာပြီး ၈ နာရီ လောက်ကစပြီး မီးရှို့တာပါ။ အိမ်ခြေ ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ရွာမှာ ရွာ့အနောက်ဘက်ခြမ်းက အိမ်ခြေ ၇၀ လောက်နီးပါး မီးလောင်ပျက်စီးသွားပါတယ်။ တရွာလုံးက ပြည်သူတွေကတော့ ထွက်ပြေး နေကြရတယ်” လို့ ပြောပါတယ်။
လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ စစ်အာဏာရှင် စစ်ကြောင်းဟာ ဇွန် ၁၀ ရက် ညနေပိုင်းအထိ ထန်းပင်ကုန်းကျေးရွာအရှေ့ခြမ်းမှာရှိကြတဲ့ လူနေအိမ်တွေက ပစ္စည်းတွေကို ကားကြီး၊ ကားငယ် တွေနဲ့ အုတ်ဖိုမြို့ဘက်ကို သယ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ဇွန် ၁ ရက်ကလည်း အုတ်ဖိုမြို့နယ်အတွင်းက ချောင်းဆုံလေး၊ ကျွဲတဲကုန်း၊ ချောင်းဂွကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင်စစ်ရေးတာဝန်ခံ ကိုသစ္စာက “မီးပတ်ရှို့နေတဲ့စစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင် လောက်ရှိတယ်။ အခုလထဲမှာ လက်ရှိအခြေအနေကတော့ တိုက်ပွဲဖြစ်နေတာမရှိဘူး။ အရင်လတွေတုန်းက အဲ့ဒီစစ်ကြောင်း အထိုင်ချနေတဲ့နေရာတွေကို ကျနော်တို့တွေဘက်ကနေ ဒရုန်း တွေနဲ့ ဆက်တိုက်ဗုံးကြဲလို့ အထိနာသွားပြီးနောက်ပိုင်း နေရာတခုတည်း အကြာကြီး အထိုင်ချ နေတယ်လို့ မရှိတော့ဘူး။ ဟိုရွာဝင်ဖျက်ပြီး ခဏနေ ဒီရွာဝင်ဖျက်ပြီး ခဏနေဆိုသလို ရွှေ့နေတာ” လို့ DVB ကို ပြောပါတယ်။
အုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေအပြင် စစ်ကြောင်းထိုးပြီး စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပြည်သူပိုင်နေအိမ်တွေအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်သွားလာကြဖို့ တိုက်တွန်း ထားပါတယ်။
သာယာဝတီခရိုင်အနောက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ခဲယမ်းသယ်ဆောင်ရတာ မလွယ်ကူတာကြောင့် ပြောက်ကျားနည်းအသုံးပြုပြီး စစ်အာဏာရှင်တပ်ကို တိုက်ခိုက် နေကြ ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










