DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ မပြေးနိုင်သည့် သက်ကြီးရွယ်အို ၇ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
January 18, 2022
ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ မပြေးနိုင်သည့် သက်ကြီးရွယ်အို ၇ ဦးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ကလေး လမ်းမကြီးပေါ်က ပါးရ်သဲကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာကြောင့်  ဒေသခံ ကျေးရွာပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး မပြေးနိုင်ဘဲ ကျန်ရှိနေခဲ့တဲ့ သက်ကြီးရွယ်အို ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ၁၇ ရက်နေ့မှာလည်း ထပ်မံဖြစ်ပွားခဲ့ကြတာပါ။

တိုက်ပွဲဖြစ်ပွားတာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး  စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၇ ရက်နေ့ ညပိုင်းမှာ နေအိမ်တွေအတွင်းမှာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိခဲ့တဲ့ သက်ကြီးရွယ်အို ၇ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေသူ ဒေသခံတစ်ဦးက “ရွာထဲမှာကျန်ခဲ့တဲ့ အသက်ကြီးသူတွေကို စကစက ဝင်ဖမ်းထားတယ်၊ အားလုံးပေါင်း ၇ ယောက် ရှိတယ်လို့ သိထားတယ်။ ရွာထဲကို လက်နက်ကြီးတွေ ကျကျလာတယ်။ ထွက်ပြေးကြတာပေါ့၊ အခုထိ မပြန်ရဲသေးဘူး။ အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ၊ စစ်တပ်ဘက်က အသေများလို့ ဖမ်းတာလို့လည်း ပြောနေကြတယ်” လို့ ပြောပါတယ်။

ပါးရ်သဲကျေးရွာနဲ့ လုမ်ဘမ်ကျေးရွာတွေက ပြည်သူတွေဟာ စစ်ကောင်စီတပ် ဝင်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး အသက်ကြီးရွယ်အိုတွေသာ အိမ်မှာ ကျန်ရစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲလောက်ကလည်း ဖလမ်းမြို့နယ် သူဖယ်ကျေးရွာ (Tuphei လို့ဖတ်ရန်) အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ CNDF( Chin National Defence Force)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်က ၄ ဦး သေဆုံးတယ်လို့ CNDFက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့  ၇ နာရီအချိန်ကြာအောင် တိုက်ပွဲဖြစ်ပွားရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းအတွဲလိုက်နဲ့ တိုက်ခိုက်ရာမှာ စစ်ကောင်စီ ၄ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထွက်လာပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ဖလမ်းမြို့နယ် ဝေဘူလမြို့အနီးက ကျေးရွာ ၈ ရွာက ပြည်သူ ၃ ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်နေသူတွေက ပြောပါတယ်။

ပါးရ်သဲ၊ လုမ်ဘမ်နဲ့ ဖလမ်း-ကလေး လမ်းမကြီးပေါ်က ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013