DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်အပေါ် အာဆီယံ ချဉ်းကပ်ပုံ ပြောင်းလဲလာပြီလား
စိုးသူအောင်
·
June 11, 2026
နေပြည်တော်တွင် စစ်အာဏာရှင်သမ္မတနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်။ (Photo: CINCDS)
နေပြည်တော်တွင် စစ်အာဏာရှင်သမ္မတနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်။ (Photo: CINCDS)
Donate to DVB

အာဆီယံနိုင်ငံတွေအကြား မြန်မာစစ်အာဏာရှင်ကို ဖယ်ကြဉ်ထားရာကနေ အခုလပိုင်းတွေထဲ ထိုင်း၊ မလေး၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်လာပြီး စစ်အာဏာရှင်သမ္မတနဲ့ တွေ့ဆုံခဲ့ကြတာကြောင့် အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲလာတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီကျင်းပပြီး စစ်တပ်ပါတီ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို သီးခြားဆီ လာရောက်ခဲ့ကြတာပါ။

ဇွန် ၈ ရက်နေ့မှာ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်အာဏာရှင်သမ္မတနဲ့ တွေ့ဆုံခဲ့သလို ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေကို ကူညီမယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒ့ါအပြင် လာမဲ့ရက်ပိုင်းအတွင်း လာအိုနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို ရောက်မယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာ့အရေး လေ့လာသူတယောက်က “အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ပုံမှန်ပြန်ဖြစ်စေချင်တယ်၊ ငြိမ်းချမ်းရေး လမ်းစဉ်ကိုလည်း နေပြည်တော်နဲ့ ပြန်ပြီး ထိတွေ့တာဆိုရင် ပိုပြီးတော့ ပြောင်းလဲသွားမလား၊ အဲဒီလို မြင်တာလည်း ရှိမယ်ပေါ့။ နောက်တခုကတော့ သိသာတာကတော့ နှစ်တွေကြာလာပေမဲ့ ဘာမှမထူးတဲ့အတွက်ကြောင့်မို့လို့ တချို့သော အာဆီယံနိုင်ငံတွေက ဒီမြန်မာနိုင်ငံအရေးကိစ္စကို... ဒါ မသိချင်ယောင်ဆောင်လိုက်ချင်တာလည်း ပါမှာပေါ့လေ။ တခြားသော သူတို့ရဲ့ ဒါ ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေ၊ နိုင်ငံအသီးသီးရဲ့ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ပြည်တွင်းရေးပြဿနာတွေ အကုန်လုံး ရင်ဆိုင်နေရတဲ့အခါမှာ မြန်မာနိုင်ငံအရေးကို သူတို့ ရှေ့တန်းမှာ မထားချင်တော့တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့” လို့ ပြောပါတယ်။

တဖက်မှာလည်း မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက် (5-Point Consensus) ဟာ လက်တွေ့မှာ အလုပ်မဖြစ်ဘူး ဆိုတာကို အာဆီယံခေါင်းဆောင်တွေ ကိုယ်တိုင် ဝန်ခံလာရပါတယ်။

ဒ့ါအပြင် တရုတ်နဲ့ အိန္ဒိယလို အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေရဲ့ ချဉ်းကပ်မှုပုံစံ ပြောင်းလဲလာတာကလည်း အာဆီယံရဲ့ ရပ်တည်ချက်ကို ဂယက်ရိုက်ခတ်စေပြန်ပါတယ်။

ဒါကြောင့် ဖယ်ကြဉ်ထားတဲ့လမ်းစဉ်ဟာ ထိရောက်မှုမရှိဘူးဆိုတဲ့ ယူဆချက်တွေက အခုအခါမှာ ပိုမိုအားကောင်းလာနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“သူတို့ရဲ့ ထိတွေ့ဆက်ဆံမှုကို ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားနေကြတယ်လို့ ကျနော်တို့ မြင်လို့ရတယ်။ အခုဆိုရင်တော့ အာဆီယံ မြန်မာနဲ့ နီးကပ်တဲ့နိုင်ငံတွေ ထိတွေ့ဆက်ဆံမှု စလာတယ်၊ အထူးသဖြင့်တော့ သိသာထင်ရှားတာ အင်ဒိုနီးရှားပေါ့နော်။ အင်ဒိုနီးရှားက အာဏာသိမ်းယူမှုနဲ့ဆိုရင် ဒေသတွင်းမှာ အဲလို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ထားတယ်၊ ပြစ်တင်ဝေဖန် ရှုတ်ချထားတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ကျနော်တို့ ထင်ရှားတယ်။ အဲလိုနိုင်ငံကနေ အခု အသိအမှတ်ပြု ဆက်ဆံလာတယ် ဆိုတော့ ဒါ အာဆီယံအနေနဲ့ ဒီလိုမျိုး ပြောင်းလဲဆက်ဆံလာတဲ့ အခြေအနေ ဖြစ်ထွန်းမှုအပေါ်မှာ မူတည်ပြီးတော့ သူတို့ ပြောင်းလဲဆုံးဖြတ်တယ်၊ ပြုပြင်ပြောင်းလဲနိုင်တယ်၊ အထူးသဖြင့် Five-Point Consensus ကို ပိုပြီးတော့ ထိရောက်အောင် အကောင်အထည်ဖော်နိုင်မဲ့ လမ်းကြောင်း စနစ်တခုမျိုးကို သူတို့ ဖန်တီးဖော်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်လို့ရပါတယ်ခင်ဗျ။”

ဒီလိုအခြေအနေတွေအောက်မှာပဲ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ တိုက်တွန်းမှုနဲ့အတူ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းတွေထဲမှာ စစ်အာဏာရှင်ကို ပုံမှန်အတိုင်း ပြန်လည်လက်ခံဖို့အတွက် တချို့နိုင်ငံတွေက စဉ်းစားလာကြတာကို တွေ့မြင်ရပါတယ်။

အာဆီယံဟာ မြန်မာ့အရေးမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး၊ ဒုက္ခသည်အရေးနဲ့ ဒေသတွင်း စီးပွားရေး တည်ငြိမ်မှု စတဲ့ လက်တွေ့ကျတဲ့ ခေါင်းစဉ်တွေအောက်ကနေ ထိတွေ့ဆက်ဆံဖို့ ခြေလှမ်းပြင်နေတာပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း မြန်မာ့အရေးအဖြေရှာဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့  အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၁၀ ရက်မှာ ထုတ်ပြောထားပါတယ်။ ဒါဟာ မြန်မာ့အရေးအတွက် သံတမန်ရေးရာ လမ်းကြောင်းသစ်တခု ဖြစ်လာမလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013