
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စစ်မှုထမ်းဟောင်းတွေနေထိုင်ရာ အောင်ဇေယျကွက်သစ် (ဒေသအခေါ် ရွှေတောင်ဦးကုန်း)မှာ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ဒရုန်းယာဥ်တွေနဲ့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အစည်းအဝေးကျင်းပလေ့ရှိတဲ့ ရှင်းလင်းဆောင်ရှေ့မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးလာချတဲ့ ဒရုန်းယာဥ်ဟာ ၂ စီးဖြစ်တယ်လို့သိရပြီး ဒုတိယမြောက် ဒရုန်းကိုတော့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပစ်ခတ်မှုတွေကြောင့် အနီးနားက စျေးသည်တချို့နဲ့ ခရီးသွားပြည်သူတချို့ ထွက်ပြေးခဲ့ကြရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အခုလို ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတာရှိ မရှိနဲ့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
အောင်ဇေယျကွက်သစ်ဟာ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းနဲ့ မုံရွာ-ပုသိမ် ကားလမ်းပိုင်းတို့ရဲ့ လမ်းဆုံအနီးမှာရှိပြီး စစ်မှုထမ်းဟောင်းတွေအတွက် နေအိမ်တွေ တည်ဆောက်ပေးတဲ့နေရာဖြစ်ပါတယ်။
ဒီနေရာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲလေ့ရှိပြီး စစ်ဆေးရေးဂိတ်တွေလည်းရှိကာ ခရီးသွားကားတွေကိုလည်း ပိုက်ဆံတောင်းလေ့ရှိတယ်လို့ သိရပါတယ်။