
တေးသီချင်းပေါင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆို တီးခတ်ခဲ့တဲ့ နိုင်ငံကျော် စတီရီယိုတေးသံရှင် ကိုင်ဇာရဲ့ ဈာပနကို ဩဂုတ် ၂၄ ရက် နေ့လယ်က ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။
ဈာပနအခမ်းအနားမှာ သူ့သီချင်းတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေနဲ့ တေးဂီတအပါအဝင် အနုပညာလောကသားအများအပြားက သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။
ဝါရင့်အဆိုတော် ကိုင်ဇာဟာ အသက် ၆၆ နှစ်အရွယ်မှာ အသည်းနဲ့ အဆုတ်ရောဂါတွေကြောင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံမှာ ဩဂုတ် ၂၂ ရက် ညပိုင်းမှာ ၉၆ ပါး ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။
သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီကနေ့ ညနေ ၄ နာရီမှာ ဂူသွင်းသင်္ဂြိုဟ်မှာဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်မှာ “အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” စီးရီးနဲ့ စတူဒီယိုလောကထဲ ဝင်လာတဲ့ တေးသံရှင်ကိုင်ဇာဟာ ကိုယ်ပိုင်တေးဂီတအဖွဲ့ Success (ဇိန) အဖွဲ့နဲ့အတူ ကိုင်ဇာတခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ စတီရီယိုခေတ်ဦးအဆိုတော်တွေထဲက တယောက်လည်းဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကျော်ကြားတဲ့ တူနှစ်ကိုယ်တိုင်းပြည်၊ သီချင်းရှင်ကိုကြင်နာပါ၊ နေဆီပျံမယ့်ငှက် သို့မဟုတ် ယောနသံဇင်ယော်၊ မိုးသီချင်း၊ လက်ဖက်ရည်ဆိုင်သွားကြစို့၊ ကစ္ဆပနဒီလှိုင်းသံ၊ ရိုးမရဲ့ ညနေခင်း၊ အင်းလေးမှာရွာတဲ့မိုး စတဲ့ တေးသီချင်းတွေဟာ ဒီနေ့အထိ ခေတ်အဆက်ဆက် ပရိသတ်တွေရင်ထဲကို စွဲထင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။











