
ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော် တေးရေး တေးဆို ကိုင်ဇာရဲ့ ဈာပနအခမ်းအနားကို သြဂုတ် ၂၄ ရက် မနက်ဖြန် နေ့လယ် ၂ နာရီအချိန် ရေဝေးသုသာန်မှာ ပြုလုပ် ဂူသွင်းသင်္ဂြိုဟ်မယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က သတင်းထုတ်ပြန်ပါတယ်။
ဂီတပညာရှင် နိုင်ငံကျော်အဆိုတော် ကိုင်ဇာ (ခ) ညီညီဝင်း အသက် ၆၆ နှစ်ရဲ့ ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို အပါအဝင် အသင်းသားတွေက ဒီကနေ့ သွားရောက်သယ်ဆောင်ပြီး ရေဝေးသုသာန် အအေးခန်းကို ပို့ဆောင် ကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။
၁၉၈၀ ပြည့်နှစ်ဝန်းကျင်တည်းက စတီရီယို တေးသီချင်းတွေနဲ့ လူသိများ ထင်ရှားခဲ့တဲ့ တေးရေး/ တေးဆို ကိုင်ဇာဟာ အဆုတ်ထဲရေဝင်လို့ ဝိတိုရိယဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရင်း ပိုးဝင်တာကတဆင့် ဩဂုတ် ၂၂ ရက် ညဦးပိုင်းမှာ ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေဆီ သိရပါတယ်။
အဆိုတော်ကိုင်ဇာဟာ ၁၉၇၇ ခုနှစ်မှာ “အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” စီးရီးနဲ့ စတူဒီယိုလောကထဲ ဝင်လာတဲ့ပြီး ကိုယ်ပိုင်တေးဂီတအဖွဲ့ Success (ဇိန) အဖွဲ့နဲ့အတူ ကိုင်ဇာတခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ စတီရီယိုခေတ်ဦးအဆိုတော်တွေထဲက တယောက်လည်း ဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကျော်ကြားတဲ့ တူနှစ်ကိုယ်တိုင်းပြည်၊ သီချင်းရှင်ကိုကြင်နာပါ၊ နေဆီပျံမယ့်ငှက် သို့မဟုတ် ယောနသံဇင်ယော်၊ မိုးသီချင်း၊ လက်ဖက်ရည်ဆိုင်သွားကြစို့၊ ကစ္ဆပနဒီလှိုင်းသံ၊ ရိုးမရဲ့ ညနေခင်း၊ အင်းလေးမှာရွာတဲ့မိုး စတဲ့တေးသီချင်းတွေအပြင် တက္ကသိုလ်ကျောင်းနဲ့ ပတ်သက်ပြီး ရေးဖွဲ့သီဆိုခဲ့တဲ့ သူ့ရဲ့ တေးသီချင်းတွေက ဒီနေ့အထိ ခေတ်အဆက်ဆက် ပရိသတ်တွေရင်ထဲကို စွဲထင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။











