နတ်ရွာစံသွားတဲ့ ပဥ္စမမြောက် နော်ဝေဘုရင် ဟာရဲလ်ဒ်ရဲ့ နိုင်ငံတော်ဈာပနကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီနေ့ စက်တင်ဘာ ၉ ရက် မနက်က ကျင်းပနေပါတယ်။
နော်ဝေဘုရင်အဖြစ် ၃၅ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် ဘုရင်ဟာရဲလ်ဒ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက် မနက် ၆ နာရီ ၃၅ မိနစ်က အော်စလိုတက္ကသိုလ်ဆေးရုံ၊ ရစ်ခ်ရှိုစပီတလက်မှာ နတ်ရွာစံသွားတာပါ။
ဈာပနအခမ်းအနားကို ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ အော်စလိုမြို့ နန်းတော်ကနေ ဘုရင့်အခေါင်းအား စစ်ဘက်အခမ်းအနားနဲ့ Karl Johans gate တလျှောက် သယ်ဆောင်ပြီး Oslo Cathedral ကို ပို့ဆောင်မယ်လို့ သိရပါတယ်။
နေ့လယ် ၁ နာရီမှာ Oslo Cathedral အတွင်း ဈာပနဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ပြီး တနိုင်ငံလုံး တမိနစ် ငြိမ်သက်ခြင်း ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
ဈာပနအခမ်းအနားကို ပြည်သူထောင်ပေါင်းများစွာနဲ့ အီးယူ အပါအဝင် နိုင်ငံတချို့က ခေါင်းဆောင်တွေလည်း တက်ရောက် ဂါရဝပြုနေကြပါတယ်။
Photos: Reuters











