
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်၊ ဒိုးချောင်းကျေးရွာအနီး လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် နေအိမ်တလုံး ထိခိုက်ပျက်စီးသွားပါတယ်။
ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီလောက်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး နေအိမ်ခေါင်မိုးနဲ့ အိမ်တွင်းပစ္စည်းတချို့ ပျက်စီးခဲ့ပေမဲ့ လူတွေ ထိခိုက်တာ မရှိဘူးလို့ တာဟန်း ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ညက ဘာစစ်ပွဲမှမရှိဘဲ ရုတ်တရက် လက်နက်ကြီး နေအိမ်တစ်လုံးပေါ်ကျလာတာ။ မီးဖိုချောင်ဘက်ကျတာ။ အသံကို အကျယ်ကြီးပဲ။ အုန်း ဆိုပြီးတော့။ အိမ်မှာ အိမ်ရှင်တွေက မအိပ်ကြဘူး။ လူထိခိုက်တာတော့မရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တာဟန်းရပ်ကွက်နဲ့ ဒိုးဝိုင်းချောင်းကျေးရွာကြားက နေအိမ်တွေပေါ်မှာ မကြာခဏ လက်နက်ကြီးတွေ နေအိမ်ပေါ်ကို ကျရောက်လေ့ရှိပြီး ဇန်နဝါရီ ၁၁ ရက်ကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဇန်နဝါရီ ၁၁ ရက် ည ၁၀ နာရီလောက်ကလည်း ကလေးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်ခတ်တယ်လို့ ယူဆရတဲ့ လက်နက်ကြီး ကျရောက်ခဲ့ပြီး ထိခိုက်သူမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လက်နက်ကြီးဟာ တာဟန်းရဲကင်း မူးယစ်စခန်းမှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်ကနေ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကားအသေးနှစ်စီးနဲ့ အကြီး ၂ စီးဟာ ကလေးမြို့နယ်ကနေ ချင်းတောင်ဘက်ကို တက်သွားကြပြီး ချင်းတောင်ကနေ ကလေးမြို့ကို စစ်ကားအကြီး ၃ စီး ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှာ ဆင်းသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနက် ၁၀ နာရီလောက်က စတင်ပြီး ခေါ်ဆပ်ကျေးရွာ အနီးမှာ သေနတ်ပစ်ခတ် သံတွေ ကြားနေရတယ်လို့ သိရပါတယ်။