DVB Logo
Home
Lead Story
အာဏာရှင်ပြုတ်ကျရေး အသက်ပေးသွားခဲ့တဲ့ ကိုရီးယားတက္ကသိုလ်ကျောင်းသား ဘာ့ဂျုန်ချောလ်
DVB
·
January 15, 2022
အာဏာရှင်ပြုတ်ကျရေး အသက်ပေးသွားခဲ့တဲ့ ကိုရီးယားတက္ကသိုလ်ကျောင်းသား ဘာ့ဂျုန်ချောလ်
1 / 5
Donate to DVB

ဇန်နဝါရီ ၁၄ ရက်နေ့ဟာ ကိုရီးယားနိုင်ငံမှာ  အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့သူ   တက္ကသိုလ်ကျောင်းသား ဘာ့ဂျုန်ချောလ်  စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ရတဲ့ အမှတ်တရ အောက်မေ့ဖွယ် နေ့တနေ့ဖြစ်ပါတယ်။ 

ဘာ့ဂျုန်ချောလ် ညှဉ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွားခဲ့ရတာကို အစပြုပြီး ကိုရီးယားနိုင်ငံမှာ ၁၉၈၇ ခု ဇွန် ၁၀ ကျောင်းသား အရေးအခင်းပေါ်ပေါက်လာကာ  နောက်ဆုံးမှာ အာဏာရှင် သမ္မတချန်ဒူးဝှမ် ပြုတ်ကျခဲ့ရတဲ့ ကိုရီးယား ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ အထင်ကရ နေ့ရက်တွေထဲက တရက်ဆိုရင်လည် မှားမယ်မထင်ပါဘူး။ 

တက္ကသိုလ် ကျောင်းသား ဘာ့ဂျုန်ချောလ်ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်  သူ့ကို ၁၉၆၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာ ကိုရီးယားနိုင်ငံ၊ ဂယောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဘုဆန်မြို့ အနောက်မြို့နယ်(ဆောဂု) အာမီရပ်ကွက်မှာ နေထိုင်တဲ့ ဖခင် ဘာ့ဂျောင်ဂီနဲ့ မိခင် ဂျောင်ချာဆုတို့ကနေ  မွေးဖွားခဲ့ပါတယ်။ သူ့ မိသားစုထဲမှာ သား ၂ ယောက်၊ သမီး တယောက်ရှိတဲ့အနက် ဘာ့ဂျုန်ချောလ်ဟာ  ဒုတိယမြောက် သားဖြစ်ပါတယ်။

ဘုဆန်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာတွေ သင်ကြားခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်မှာ ဆိုးလ်တက္ကသိုလ်မှာ နိုင်ငံခြားဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ 

ဆိုးလ်တက္ကသိုလ် ကျောင်းသားသမဂ္ဂထဲ ဝင်ရောက် လှုပ်ရှားခဲ့ပြီး ၁၉၈၅ ခု မတ်လမှာ နိုင်ငံခြား ဘာသာရပ်ဆိုင်ရာကျောင်းသားများအဖွဲ့ ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆာင်ခဲ့ပါတယ်။ 

ကျောင်းစာကို သင်ကြားရင်း စစ်အစိုးရကျဆုံးရေး၊ ကျောင်းသားအခွင့်အရေး၊ အလုပ်သမားရေး အခွင့်အရေးရရှိရေးတို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့လို့ ထောင်အကြိမ်ကြိမ် ကျခဲ့ရပေမယ့် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ 

၁၉၈၇ ခု ဇန်နဝါရီ ၁၃ ည သန်းခေါင်ယံ အချိန်မှာတော့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဘာ့ဂျုန်ချောလ်ကို စစ်ထောက်လှမ်းရေးတွေက ဆိုးလ် နမ်ယန်းရပ်ကွက်ရှိ စစ်ကြောရေး အဆောက်အအုံ (အမှတ် ၁ ရထားလမ်း၊ နမ်ယန်းဘူတာ အနီး)သို့ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

စစ်ထောက်လှမ်းရေးတွေက ကျောင်းသား ဘာ့ကို မတရား ညှဉ်းပန်းနှိပ်စက်ခဲ့လို့ ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ သူကွယ်လွန်ခဲ့ရပါတယ်။ 

ဇန်နဝါရီ ၁၅ ရက်မှာ ကျောင်းသားဘာ့ဟာ စစ်ဆေးရေး အခန်းထဲမှာ အော့ဆိုတဲ့ အသံထွက်ပြီး သေဆုံးသွားကြောင်း စစ်ထောက်လှမ်းရေး အကြီးအကဲက ကျောင်းသားဘာ့ သေဆုံးတာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

ကျောင်းသား ဘာ့ဂျုန်ချောလ် စစ်ကြောရေးမှာ သေဆုံးသွားတဲ့ အပေါ် သူ့ရဲ့ မိခင် ဂျောင်ချာဆုနဲ့ အဖမ်းအဆီးခံ ကျောင်းသားမိတွေက ဘာ့ဂျုန်ချောလ် သေဆုံးမှုနဲ့  ပတ်သက်တဲ့ သတင်း အချက်အလက် အမှန်အကန် ထုတ်ဖော်ရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ 

အဲဒီကနေ အစပြုပြီး ကိုရီးယားနိုင်ငံမှာ ၁၉၈၇ ခု ဇွန် ၁၀ ကျောင်းသား အရေးအခင်းကြီး ဖြစ်ပေါ်ပြီး  သမ္မတ သက်တမ်း ၁၉၇၉ မှ ၁၉၈၇ အထိထမ်းဆောင်ခဲ့တဲ့ သမ္မတချန်ဒူးဝှမ် ခေါင်းဆောင်တဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့ ပြုတ်ကျခဲ့ရပါတယ်။

စစ်အစိုးရလက်ထက် ဇွန် ၁၀ ဒီမိုကရေစီအရေးအခင်းဟာ ကိုရီးယားနိုင်ငံရဲ့  နောက်ဆုံး ကျောင်းသား အရေးအခင်းကြီး ဖြစ်ခဲ့ရပါတယ်။ 

ဒီနောက်မှာ သမ္မတ ချန်ဒူးဝှမ်က လက်တွဲဖော် သူငယ်ချင်း နိုတေဝူးကို အာဏာလွှဲပြောင်း ပေးလိုက်ရပြီး ကိုရီးယားနိုင်ငံဟာ စစ်မှန်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကာ အစိုးရ ပြည်သူလက်တွဲ ညီစွာ လုပ်ဆောင် ကြိုးပမ်းခဲ့ကြလို့ ကမ္ဘာမှာ အခုလို တိုးတက်တဲ့ နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့ရပါတယ်။ 

ကိုရီးယားမှာတော့ တက္ကသိုလ် ကျောင်းသား ဘဂျုန်ချောလ် ကျဆုံးတဲ့ အခုလိုနေ့ကို ရောက်တိုင်း သူ့ကို မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဆိုးလ်မြို့ နမ်ယန်ရပ်ကွက် လက်ရှိ နမ်ယန် ရဲစခန်းမှာ နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပလေ့ရှိပါတယ်။

နမ်ယန် ရဲစခန်းအတွင်းရှိ ကျောင်းသား ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခဲ့တဲ့ အခန်းများကို ပြခန်းများအဖြစ် ပြသထားပြီး ဒီနေရာကို ရောက်တဲ့အခါတိုင်း ကြက်သီးထ မျက်ရည်တွေ ဝဲခဲ့ရပါတယ်။

နမ်ယန် စစ်ကြောရေး စခန်းနဲ့ ပတ်သက်လို့  ၁၉၈၅ ခု နမ်ယန်ဒုန်၊ ၁၉၈၇ စတဲ့ ရုပ်ရှင် ကားကြီး ၂ ကားတို့ကို ရိုက်ကူးထားတာရှိပါတယ်။

အာဏာရှင်ပြုတ်ကျရေးအတွက် အသက်များ ပေးဆပ်သွားကြတဲ့ သူရဲကောင်းအပေါင်းကို ဦးညွှတ် အလေးပြုလျက်။

ဇော်မိုးအောင်(ကိုရီးယား)

Photo- Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013