DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုတွင် တိုက်ပွဲဖြစ်၊ ဒီပဲယင်း ကျေးရွာအချို့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
DVB
·
January 15, 2022
စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုတွင် တိုက်ပွဲဖြစ်၊ ဒီပဲယင်း ကျေးရွာအချို့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုမှာ ဇန်နဝါရီ ၁၄ ရက်နေ့နေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မနက်ပိုင်းကတော့ တိုက်ပွဲမဖြစ်ဘဲ ဒီပဲယင်းမြို့နယ် ကျေးရွာအချို့ကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာ ယဉ်ကျေးနဲ့ နများရွာတွေကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး သေဆုံးဒဏ်ရာရမှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“မနက် ၁၀ နာရီလောက်မှာ Mi 35 နှစ်စီးက ကောင်းကင်မှာဝဲပြီး တစီးက ပစ်တာ၊ အခုက PDF တွေနဲ့ တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်းရဟတ်ယာဉ်သုံးပြီးလာပစ်တယ်၊ ကျေးရွာက ဒေသခံတွေ ၁၀၀၀ ကျော်လောက် ထွက်ပြေးနေရတယ်။”

ဇန်နဝါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာတော့ ဘုတလင်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြိုနယ် မဟူရာနတ်ဆိုးအဖွဲရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဘုတလင်မြို့နယ် တိုက်ပွဲကတော့ ညနေ ၃ နာရီလောက်က လွဲတဲကျေးရွာအနီးမှာ ဖြစ်ခဲတယ်။ ဒီကောင်တွေက ကူတော်ဘက်ကနေလာတဲ့ စစ်ကောင်ယာဉ်တန်းကို ဘုတလင်စခန်းကနေ လာကြိုတဲ့ စစ်ကောင်စီတွေဗျ။ အဲကောင်တွေကို ကျနော်တို့ နေရာ ၃ နေရာကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ပထမနေရာက စစ်ကောင်စီ ၂ ယောက်ကျတယ်။ အလောင်းကို သူတို့ စစ်ကားပေါ်ထမ်းတင်သွာတာကို ကျနော်တို့ မြင်လိုက်ရတယ်။ ဒုတိယနေရာနဲ့ တတိယနေရာမှာ တော့ ၅ ဦးထက်မနည်းကျတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။”

စစ်ကောင်စီတပ်ကို မိုင်းဆွဲရာမှာ မဟူရာနတ်ဆိုးအဖွဲ့က တပ်သားလေးဦးသာ အသုံးပြုခဲ့ပြီး အကျဆုံးမရှိခဲ့ဘဲ အရပ်သားတဦးကိုတော့ စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့နယ်အတွင်းက စိုင်ပြင်ကျေးရွာရဲစခန်းကိုလည်း  ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ကြတာကြောင့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စိုင်ပြင်ရဲစခန်းကို ဆိုင်ကယ်စီးပြီး ပထမဘောက်လိုက်ဆွဲပြီး ရဲစခန်းရှေ့ကနေ ပစ်ခဲ့တာဗျ။ ရုတ်တရက်ကြီးဆိုတော့ စစ်ကောင်စီဘက်က အကျဆုံးတော့ ရှိနိုင်လောက်တယ်။ အတိကျတော့ အတည်ပြုပေးလို့တော့ မရသေးဘူး။ သူတို့စစ်ခန်းကို အပစ်ခံရတာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးတွေတင်ကြပ်ထားလို့ အထိခိုက်စာရင်းကို အတည်ပြုရသေးဘူး” လို့ စိုင်ပြင်ဒေသခံပြည်သူ့ကာကွယ်အဖွဲဝင်တစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် အခုလို စိုင်ပြင်ရဲစခန်းကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013