DVB Logo
Home
မြန်မာသတင်း
DKBA ဗိုလ်စလုံးစခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်သိမ်းယူ၊ တပ်သားအချို့ ကျဆုံး
DVB
·
January 14, 2022
DKBA ဗိုလ်စလုံးစခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်သိမ်းယူ၊ တပ်သားအချို့ ကျဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးလေးကျေးရွာရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ရဲ့ လုံခြုံရေးတပ်စခန်းတခုဖြစ်တဲ့  ဗိုလ်စလုံးစခန်းကို စစ်ကောင်စီတပ်က မြေပြင်ရော၊ လေကြောင်းနဲ့ပါ အင်အားလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဇန်နဝါရီ ၁၄ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာတော့ စခန်းကို လက်လွှတ်လိုက်ရတယ်လို့ ဗိုလ်စလုံးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဒီမနက် ၈ နာရီကျော်လောက်ကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ၂ နာရီလောက်မှာတော့ လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ညနေ ၃ နာရီလောက်မှာ‌ အပြန်အလှန် တိုက်ပွဲ ၁ နာရီလောက် ဖြစ်ပွားခဲ့ပြီးနောက်မှာ စခန်းကနေ နောက်ဆုတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဗိုလ်စလုံးက “ကျနော်တို့ အဲဒီနေရာမှာ စစ်ကောင်စီတပ်ကို ၂ ရက်၊ ၂ ည ခံတိုက်တယ်။ ကျနော်တို့ အဲမှာ လမ်းကြောင်းတကြောင်းနဲ့ စောင့်တယ်။ ကျနော်ကိုယ်တိုင်က ရေလမ်းကြောင်းနဲ့စောင့်တယ်။ သူတို့က လှေလမ်းနဲ့မလာတော့ပဲ လေယာဉ်နဲ့လာတာ။ လေယာဉ်နဲ့မလာခင် လက်နက်ကြီး ၁၂၀ မမနဲ့ပစ်ခတ်တယ်။ ကျနော်တို့ ဘာမှ မလှုပ်ရှားသေးဘဲ စောင့်နေတယ်။ ဒီနောက် လေယာဉ် ၃ စီးနဲ့လာပြီး ကျနော်တို့ကို ပတ်ပြီး ပစ်တယ်။ သုံးခါ ပတ်ပြီးပစ်တယ်။ ပြီးတော့ သူတို့လူတွေ လမ်းမကြီးကနေ တက်လာတယ်။ ကျနော်စောင့်တဲ့ ဘက်ကျတော့ မလာဘူး။ ကျနော့်ရှေ့တန်းက တပ်သားတွေ လက်ကြီးထိတာများတော့ နောက်ဆုတ်တယ်။ သူတို့ဆုတ်တာကို ကျနော့်ကိုမပြောဘူး။ ကျနော်သိတဲ့အချိန်မှာ ကျနော်လိုက်သွားတယ်။ ကျနော်လိုက်သွားတဲ့အချိန်မှာ စစ်ကောင်စီတပ်တွေက ကျနော့်စခန်းရှေ့ကိုရောက်နေပြီ။ အဲတော့ အဲမှာတိုက်ပွဲဖြစ်တယ်။”

တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၆ ယောက် ၇ ယောက်လောက်သေဆုံးနိုင်ပြီး သောင်းရင်းမြစ်ကို ဖြတ်ကူးချိန် ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ DKBA တပ်သား အလောင်း ၈ လောင်းကို ပြန်လည်ဆယ်ယူရရှိကြောင်းနဲ့ စခန်းတွင်းမှာတော့ ၄ ဦး သတ်ဖြတ်ခံရကာ အရှင် ၄ ဦး ဖမ်းဆီးရမိတယ်လို့ ဗိုလ်စလုံးက ပြောပါတယ်။

“ကျနော်တို့ ဆုတ်တဲ့အချိန်မှာ သူတို့ဘက် ၄ ယောက်ကို အရှင်ဖမ်းထားလိုက်တယ်။ နောက်ပြီး လက်နက်မပြည့်စုံတဲ့တပ်သား၊ ထမင်းဟင်းချက် ပို့နေတဲ့တပ်သားတွေ နောက်ဆုတ်ပြီး သောင်ရင်းမြစ်ကို ဖြတ်နေချိန်မှာ သူတို့ လှမ်ပစ်လို့ အဲမှာ ၂၀ ကျော်လောက် ကျသွားတယ်။ ချောင်းမှာ မြုပ်သွားတယ်။ ကျနော်တို့ ဟိုဘက်ကမ်းကိုရောက်ချိန်မှာလည်း သူတို့က လက်နက်ကြီးတွေနဲ့လှမ်းပစ်သေးတယ်။” 

ဖလူလေးဒေသကို ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး BGF နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

DKBA ဗိုလ်စလုံးစခန်းကိုတော့ ဇန်နဝါရီ ၁၂ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နောက်ဆုတ်လိုက်ရတာဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာလည်း ကေအန်ဒီအို၊ ကေအန်အယ်လ်အေတပ်သားတွေက ဝိုင်းဝန်းစစ်ကူပေးတာရှိပြီး ကရင်တပ်ဖွဲ့ဝင်တချို့ လက်နက်ကြီးကျည်စထိမှန် ထိခိုက်ဒဏ်ရာရ တာတွေရှိတယ်လို့လည်း ဗိုလ်စလုံးက ပြောပါတယ်။

တိုက်ပွဲကြောင့် ဖလူးလေးကျေးရွာက နေအိမ်တချို့ လက်နက်ကြီး ထိမှန် ပျက်စီးခဲ့သလို ထိုင်းနိုင်ငံ ဘက်ခြမ်းမှာလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာ ရှိနေပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် အများအပြားလည်း သောင်းရင်းမြစ်ကို ကူးဖြတ်ပြီး ထိုင်းနိုင်ငံဘက်ထွက်ပြေး ထပ်မံ တိမ်းရှောင်နေရကြရပါတယ်။မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်မှာ ဒီဇင်ဘာလ ၁၅ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးအနားတဝိုက်က ကျေးရွာတွေမှာပါ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်လူဦးရေ သောင်းနဲ့ချီ ပြီး မြန်မာဘက်မှာရော ထိုင်းနိုင်ငံဘက်ခြမ်းမှာပါ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013