DVB Logo
Home
Lead Story
ရှေ့တိုးတော့ကြိုးစင်၊ နောက်ဆုတ်တော့ သင်္ချိုင်းဖြစ်နေသော မင်းအောင်လှိုင်
DVB
·
January 13, 2022
ရှေ့တိုးတော့ကြိုးစင်၊ နောက်ဆုတ်တော့ သင်္ချိုင်းဖြစ်နေသော မင်းအောင်လှိုင်
Donate to DVB

အခုရက်ပိုင်း စကစဟာ ခဲကြားညှပ်နေတယ်လိုသုံးသပ်မိပါတယ်။ ရှေ့တိုးတော့ ကြိုးစင်၊ နောက်ဆုတ်တော့လည်း ပြည်သူတွေရဲ့ တွေ့ရာ သင်္ချိုင်းပဲရှိတော့တယ်။ ထိုင်နေတာအကောင်း ထသွားမှ ကျိုးမှန်းသိသွားတဲ့ မင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းလေ ပိုဆိုးလေ၊ နေ့စဉ်နဲ့အမျှ မုန်းဟင်းခါးပွဲတွေ အလှူလုပ်နေသလိုပဲ။

မကြာခင် နိုင်ငံတကာဟာ စကစကို ပြင်းထန်တဲ့ (စစ်ရေးအထိ)အ ရေးယူမှု လုပ်ကောင်းလုပ်လာနိုင်တာ မအလ တွက်ဆထားပုံရပါတယ်။

ဥပမာ မင်း‌အောင်လှိုင်ဟာ  အမေရိကန်လိုနိုင်ငံမျိုးကို အထူးသတိထားနေပါတယ်။ အမေရိကန်ကလည်း ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် အရမ်းတန်ဖိုးထားတဲ့နိုင်ငံပါ။ အခု မအလတို့ အာဏာသိမ်းပြီး ပြည်သူကို အကြမ်းဖက်နေတာဟာ သူတို့ကို စော်ကားနေသလိုမျိုးကို ခံစားပြီးလုပ်နေတဲ့ နိုင်ငံပါ။

နောက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့  တခြား တခြားသောနိုင်ငံတွေကိုလည်း နောင် မအလကြည့်ပြီး အတုမြင်အတတ်သင်နဲ့ လက်နက်ရှိရင် ဒီမိုကရေစီကို အနိုင်ကျင့်လိုရတယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း  ရိုက်ချိုးပေးဖို့ ဒီချိန်မှာ လုပ်သင့်နေပြီလို့ ယူဆမိပါတယ်။

တကယ်လိုများ အမေရိကန်က စစ်ရေးအရ မအလတို့ကို  လုပ်ခဲ့ရင်တောင် လူတွေထင်သလို တရုတ် ရုရှားလို နိုင်ငံတွေဟာ ပါလာမှာမဟုတ်ဆိုတာ အသေအချာပြောရဲပါတယ်။

အမေရိကန်က သူလုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ အီရတ်၊ အာဖဂန်၊ လစ်ဗျား၊ အီရန်စစ်ဗိုလ်ချုပ်ကြီးတို့ကို  တီးခဲ့တုန်းက ဖြစ်စဉ်တွေပြန်ကြည့် ဘယ်သူတွေဝင်ပါရဲလို့လည်း။ ဒါကြောင့် မြန်မာကိုလည်း လိုအပ်လို့ လုပ်မယ်ဆိုရင်တောင် ဘယ်သူမှဝင်မတားဘူးစိတ်ချ။ ဒါတွေတုန်းကတော့ သူ့နိုင်ငံအပေါ် တိုက်ရိုက်စိန်ခေါ်မှုတွေပေါ့။ အခု မအလရဲ့ လုပ်ရပ်ကတော့ သူ့နိုင်ငံအပေါ် သွယ်ဝိုက်စိန်ခေါ်မှုအဆင့်မို စောင့်ကြည့်နေတဲ့အနေအထားမျိုးထင်ပါတယ်။ တိုက်ရိုက်စိန်ခေါ်လာရင် အဲလောက်ကိုမကြာပါဘူးလို့ ယူဆပါတယ်။

ဘာကြောင့်လဲဆိုရင် တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေဟာ မင်းအောင်လှိုင်လို နိုင်ငံတကာမှာ ဘောင်မဝင်တဲ့ကောင်ကို ဘယ်သူကမှ အဆက်အဆံလုပ်ချင်ကြမှာမဟုတ်ဘူး။ ‌အခြေအနေ တခုကိုပဲ စောင့်ကြည့်လက်ခံနေတဲ့သဘောလို့ မြင်ပါတယ်။

အမေစုလို ကမ္ဘာမှာ ဂုဏ်သိက္ခာရှိတဲ့သူနဲ့ လက်တွဲလုပ်ဆောင်ရခြင်းဟာ သူတိုအတွက်လည်း အာမခံချက်ရှိသလို ဂုဏ်လည်းတက်ပါမယ်။ ဒါကို တရုတ်၊ ရုရှားခေါင်း‌ဆောင်တွေ ကောင်းကောင်း သိနေလောက်ပြီ။

ဒါကြောင့် တရုတ်ဟာ အမေစုဦးဆောင်တဲ့ NLD ပါတီကို အသိအမှတ်ပြုတာမျိုးတွေ၊ ရုရှားကို စကစခေါင်းဆောင်တွေ ဘယ်လောက်သွားသွား ရုရှားဟာ သူ့စစ်လက်နက်ရောင်းဖို့ ကလွဲပြီး ဘာမှ ထူးထွေဆက်ဆံတာ မတွေ့ရပါဘူး။

အခုက မြန်မာကိစ္စ အမေရိကန်ကို အဓိကဝန်းရံထားတဲ့နိုင်ငံတွေလည်း ကြည့်လိုက်ဦး ဗြိတိန်၊ ပြင်သစ်၊ဩစတြေးလျ၊ ကိုရီးယား၊ ချက်၊ ဂျပန် အစရှိတဲ့ အင်အားကြီးတွေ ပါဝင်ပါတယ်။

စကစဟာ အာဆီယံထက် အနောက်အုပ်စုကို ပိုပြီးကြောက်တယ်ဆိုတာမလွဲဘူး။ အခုတောင် ပြည်တွင်းစစ်ကို မအလက တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေအရမ်းသုံးပြီး လုပ်နေတာ ယူကေက အနီးကပ်စောင့်ကြည့်နေတယ်လည်းဆိုရော  မအလ အရူးချီးပန်းနေပြန်ပြီ။

မအလဟာ သူစစ်တပ်က ရှိသမျှလက်နက်တွေကို ပြည်တွင်းစစ်မှာ လုံးဝသုံးခွင့်မရှိပါဘူး။ တကယ်လို့ နိုင်ငံတကာဥပဒေထက်ကျော်လွန်တဲ့ လက်နက်သုံး‌လေ အနောက်အုပ်စုနဲ့ R2P ဝင်လာဖို့ ပိုအားကောင်းလေပဲ။

အခုလည်း အာဆီယံကမဖိတ်လို အပြူးအပြဲ ထောင်ထဲကလူတွေလွှတ်ပြလို့ ဖိတ်မလားမထင်နဲ့ အမေရိကန်က  မြန်မာ့အရေး အထူးအဖွဲ့အာဆီယံကိုလာ‌ပြီးပြီ။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘူး။

ဘယ်နိုင်ငံက အလုပ်အရှုပ်ခံပြီး မြန်မာ့အရေးကို အပြင်းပြေ အထူးအဖွဲ့ဖွဲ့ပြီး လုပ်မှာလဲ။ တကယ်ကူညီချင်လို့ အချိန်ကုန်ခံ ငွေကုန်ခံ ခေါင်းရှုပ်ခံပြီး လုပ်ပေးနေကြတာဟာ ဒီမိုကရေစီအတွက်ပဲ။ ဒါတွေဟာ နိုင်ငံရေးမှာ ထူးခြားချက်တွေပဲ။

နောက်ပြီး သေချာတာက မအလဟာ အာဆီယံမှာလည်း ထွက်ပေါက်ပိတ်သွားပါပြီ။ အိမ်နီးချင်းလည်း သူ့ကိုကယ်မှာမဟုတ်တော့ဘူး။ ဒါဟာ သူ့ရဲ့ ယောက်ျားမဆန်ဘဲ ကိုယ့်နေရာ ကိုယ်မနေဘဲ နိုင်ငံရေးမှာ ဝင်ပါလာလို့ပါပဲ။

စစ်တပ်အာဏာသိမ်းတာ ထိုင်းလည်းအတူတူပါပဲဆိုပေမဲ့ ပရာယွတ်ဟာ အခုဆိုရင် မအလနဲ့သူ့ကို ခိုင်းနှိုင်းမှာအရမ်းစိုးရိမ်နေပုံရပါတယ်။ အာဆီယံဟာ ငခုံးမတစ်ကောင်ကြောင့် အာဆီယံတစ်လှေလုံး အပုပ်မခံတော့ဘူးဆိုတာ ဟွန်ဆင်ကလွဲလို ကျန်နိုင်ငံ့ခေါင်းဆောင်တွေ ကလေးမှမဟုတ်တာ သိတာပေါ့။

အာဆီယံဟာ မြန်မာကို အီးယူတို့၊ အနောက်အုပ်စုတို့နဲ့ လဲမလားစဉ်းစားကြည့်ပေါ့။ အခုတောင် ဒီမအလကြောင့် အိမ်နီးချင်းတွေလည်း စိတ်မချမ်းသာကြတော့ဘူး။ 

ဒါဆို အခုဘာလို့ အမြန်ဝင်မကူညီတာလဲဆိုတာအကြောင်းရှိမယ်။ မိမိတို့ပြည်တွင်းရေးကို မိမိတို့ကိုယ်တိုင် ဘယ်လောက်အားထုတ်နိုင်လဲဆိုတာဟာ အဖြေပါ။ မိမိတို့ တိုင်းရင်းသားပြည်သူအင်အားနဲ့ စည်းစည်းလုံးလုံးနဲ့ ဒီစစ်အာဏာရှင်ကို တော်လှန်နိုင်ခြင်းဟာ တိုင်းပြည်ရဲ့ အဖြေကောင်းပါပဲ။

နိုင်ငံတကာက သူတို့ဝင်ကူလို့ ရေတိုပဲ ပြဿနာပြီးမယ် ရေရှည်မရဘူးဆိုတာ အာဖဂန် ၊ အီရတ်က သင်ခန်းစာ သူတို့မှာ ကောင်းကောင်းရှိတယ်။

နောက်ပြီး နိုင်ငံတကာဟာ သူတို့ လက်တွေ့ စစ်ရေးအရ ဝင်မတိုက်ရုံတမယ် ပြင်းထန်တဲ့ နိုင်ငံရေးတိုက်ကွက်အကုန်သုံး တိုက်ပေးနေကြတယ်လို့ ထင်မြင်မိပါတယ်။

အချိန်က အဓိကပါ အခုက မိမိတို့ ပြည်သူတွေရော စကစရော ရေကုန်ရေခမ်းတိုက်နေချိန်မှာ စကစဟာ သူ့အလိုလို ရေကုန်ပြီး ပွဲသိမ်းမလားဆိုတာ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အနေအထားလဲရှိမယ်။ ပြည်သူဘက်က ရေကုန်လာခဲ့ရင်တော့ တနည်းမဟုတ်တနည်းနဲ့ နိုင်ငံတကာ ပါလာမှာအသေချာပါပဲ။

ဒါကြောင့် မအလဟာ တဖြည်းဖြည်းနဲ့ ပြေးပေါက်ရှာနေပါပြီ။ အခုတောင်ပြောလာနေပြီ နိုင်ငံတကာက သူ့ပဲပြောနေတယ်တဲ့ NUG  CRPH  ကျတော့မပြောဘူးတဲ့။ သူ့စကားကိုကြည့် ရှေ့နောက်တွေလည်းမညီ သူပဲ မတရားအသင်းဆိုပြီး နိုင်ငံတကာကို စာတွေလိုက်ပိုတော့ ဟိုက တရားဝင်မသိသလို မပြောပဲနေပြန်တော့ မပြောလို့တဲ့။ ဒါကိုကြည့်ခြင်းအားဖြင့် မအလဟာ စိတ်ဂဏာ မငြိမ်တော့ပါဘူး။ အကြမ်းဖက်နေတာက သူ့စစ်တပ်ဆိုတာ တကမ္ဘာလုံးကသိနေတော့ သူပြောသမျှစကားတွေကို နိုင်ငံတကာကလည်း  အလေးမထားကြတော့ပါဘူး။

လက်ရှိမိမိတို့ မြန်မာ့အရေးဟာ ယခင်နိုင်ငံရေးပြဿနာတွေလို ပြည်တွင်းရော ပြည်ပကပါ လာပြီးဆေးမြီးတိုနဲ့ စားပွဲဝိုင်းထိုင် အဖြေရှာရမယ့် အနေအထားလုံးဝ မဟုတ်တော့ပါဘူး။ 

မိမိတို့ PDF နဲ့ EAOs တွေနဲ့အတူ ပြည်သူအားလုံးဟာ ရရာလက်နက်နဲ့ ဒီစစ်မိစ္ဆာ မအလတို့ကို အမြစ်ပြတ်တိုက်ကို တိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း ဘယ်တော့မှ ပြင်မှာမဟုတ်ဘူး။ နောက်ဆုံးဗျာ ဥပမာ ကုန်ကုန်‌ပြောရရင် ဘယ်ဘုရားသခင်က လာတရားချချပြင်မှာ မဟုတ်ဘူးဗျာ။

ဒီတစ်ပွဲကတော့ ပြည်သူဘက်မှာ စကစကို သင်ပုန်းချေရေးလမ်းစဉ် မရှိတော့သလို သူတို့နဲ့ထိုက်တန်တဲ့ အပြစ်မခံရမချင်း ပြည်သူဟာ လုံးဝ ကျေနပ်ကြမှာမဟုတ်ဘူးဆိုတာ မိမိ ရဲရဲပြောရဲပါတယ်။

ဒီလိုပြည်သူတွေရဲ့ ခံစားချက်ကို နိုင်ငံတကာကလည်း နားလည်ပုံရတော့ မအလနဲ့ စကစ အပေါင်းအပါတို့ကို  ပျားရည်စက်နဲ့ ဝမ်းချလို့မရဘူးဆိုတာသိတော့ သူတို့နဲ့ စကားအဖက်လုပ်မပြောဘဲ လက်တွေ့ပိတ်ဆို့မှုတွေ၊ ကန့်သတ်မှုတွေ နောက်ပိုင်း ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ မလွဲမသွေ လာမှာပဲဆိုတာ အသေအချာပဲ။

ဒါကြောင့် ရှေ့တိုးတော့ ကြိုးစင်၊ နောက်ဆုတ်တော့ သင်္ချိုင်းဖြစ်နေသော မင်းအောင်လှိုင်ရဲ့နိဂုံး မကြာခင်မြင်ရပါတော့မယ်။

အရေးတော်ပုံ မုချအောင်ရမည်။

သခင်နွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013