DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ပစ်ခတ်ဝင်ရောက်လာသဖြင့် မြိုင်ပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
January 13, 2022
စစ်ကောင်စီတပ် ပစ်ခတ်ဝင်ရောက်လာသဖြင့် မြိုင်ပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ
Donate to DVB

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မြောက်ပိုင်းက သမင်ချောက်ကျေးရွာကို ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်တာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေက အင်အား ၂၀၀ လောက်နဲ့ ဒီကနေ့ မနက် ၄ နာရီခွဲလောက်က စပြီးတော့ သမင်ချောက်ရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၃၀၀ လောက်က ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သမင်ချောက်ကျေးရွာဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ဒီကနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်ရောက်လာတာဗျ။ ကျနော်တို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရမှာကို ကြောက်လို့ တောထဲမှာ တိမ်းရှောင်နေရတယ်။ သေနတ်ပစ်ခတ် သံတွေကတော့ ဆက်တိုက်ကြားနေရတယ်။” 

ရွာထဲမှာရှိတဲ့ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးတာတွေပြုလုပ်ပြီး ပစ္စည်းတွေ၊ ငွေတွေကို ယူဆောင်သွားတဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို စစ်ကြောင်းငါးကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေပြီး လက်ယက်မရွာ၊ သမင်ချောက်ရွာ၊ မြန်အောင်ရွာ၊ မင်းသားကျရွာ၊ သက္ကယ်ကန်ရွာ၊ ကျောက်ခွက်ရွာနဲ့ ဘုန်းကြီးကန်ကျေးရွာဘက်က ဒေသခံပြည်သူ တစ်သောင်းနီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့အစပ် ကျောက်ခွက်ရွာနားက ရေနံမှော်နာမှာလည်း ဒီကနေ့ မနက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီးတော့  စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်ကယ်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ကျောက်ခွက်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

မြိုင်မြို့နယ် လက်ယက်မရွာနဲ့ ကန်နီကျေးရွာကြားမှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့က မြိုင် PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သား ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013