DVB Logo
Home
မြန်မာသတင်း
အရာတော် စစ်လေ့ကျင့်ရေးတပ်နှင့် ဘုတလင် ကူတော်ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
January 12, 2022
အရာတော် စစ်လေ့ကျင့်ရေးတပ်နှင့် ဘုတလင် ကူတော်ရဲစခန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် စစ်လေ့ကျင့်ရေးတပ်နဲ့ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းတို့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အရာတော်မြို့နယ် အရှေ့ဘက်မှာရှိတဲ့ စခတ ၁၀ လေ့ကျင့်ရေးတပ်အတွင်း ဒီနေ့မနက် ၆ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါလေ့ကျင့်ရေးတပ်ဟာ အရင်ခတ်က စစ်သားလေးကျင့်ရေးစခန်းဖြစ်ပြီး လက်ရှိအာဏာသိမ်းပြီးချိန်မှာ စစ်တပ်ထဲကို လူသစ်ဝင်ရောက်တာမရှိတာကြောင့် စစ်သားမိန်းမတွေ၊ ရဲမိန်းမတွေအားလုံးကို သင်တန်းပေးလေ့ကျင့်နေတာလို့ အနီးဝန်းကျင်က မျက်မြင်တွေကပြောပါတယ်။

“ကျနော်တို့ လက်နက်ကြီး ၄ လုံးနဲ့ စခန်းအတွင်း ပစ်ခဲ့တာဗျ။ ပစ်ရတဲ့ ရည်ရွယ်ချက်တော့ စစ်ကောင်စီတပ်ဘက်ကို ပူးပေါင်းနေမယ်ဆိုရင် အခုလို နေအိမ်တွင်းမှာ နေရပေမဲ့ လုံခြုံမှု မရှိဆိုတာ သိစေခြင်တဲ့ရည်ရွယ်ချက်နဲ့ ပစ်ရတာဗျ။ ကျနော်တို့ဘက်က‌တော့ အကျဆုံးမရှိဘူး” လို့ အရာတော်မြို့နယ်သပြေညို ပြောက်ကျားအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အခုလိုမဟာမိတ်အဖွဲ့က ပစ်ခတ်ခံရတာကြောင့် စခန်းအတွင်း စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ပါ  ပိတ်ပင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုစစ်ဆင်ရေးကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊  Ayadaw   Bone Naing-PDF(A.B.N.PDF)တို့မှ ဦးဆောင်၍ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE)  ညီနောင် (၈) ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ တပ်ခွဲမှူးဦးစီးတဲ့ အင်အား ၃၀ ရှိတဲ့ ကူတော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၁၁ ရက်နေ့ည ၁၂ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးက “မနေ့ညက ၁၂ နာရီလောက် ဝင်တိုက်ခိုက်ခဲ့တယ်။ ၁ နာရီခွဲလောက်မှာ တိုက်ပွဲပြီးသွားတယ်။ ဒီနေ့မနက်ခင်း စစ်ကားတစ်စီးနဲ့ ထပ်ရောက်လာတာတော့ တွေ့ရတယ်။ လက်ရှိ ရွာထဲက ဘာတွေ မီးရှို့နေတယ်တော့ မသိဘူး။ မီးခိုးတွေတော့ လှမ်းမြင်နေရတယ်။ အကျအဆုံးကတော့ သူတိုဘက်က တပ်ခွဲမှုးအဆင့်ရှိသူနဲ့ အင်အား ၃၀ အကုန်ကျတယ်” လို့ ပြောပါတယ်။

ကူတော်ရဲစခန်းဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာသတင်းထုတ်ပြန်ထားတာမရှိသေးသလို ထိခိုက်ကျဆုံးစာရင်းကို DVB စုံစမ်းနေဆဲဖြစ်ပါတယ်။

အခုလို နှစ်ဖက်တိုက်ပွဲဖြစ်တာကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ဒေသခံတွေ ဘေးလွတ်ရာ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

အဆိုပါကူတော်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ ဘုတလင်ပြည်သူကာကွယ်ရေးတပ်အဖွဲ့ပေါင်းစုံနဲ့ ဒီပဲယင်းဂဠုန်တပ်တော်၊ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ပေါင်းစုံက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013