DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွား
DVB
·
January 12, 2022
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွား
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာနဲ့ သာရဘွင်ကျေးရွာအနီးမှာ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်နဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု  ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

အဲဒီလိုတိုက်ပွဲမဖြစ်ပွားခင် အဆိုပါအနီးတဝိုက်ကို စစ်ကောင်စီက ကင်းထောက်လေယာဉ် ပျံသန်းပြီး ကင်းထောက်ခဲ့တာရှိသလို အဲဒီနောက်မှာတော့ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အဆိုပါ ကျေးရွာနားမှာ နေထိုင်သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်း တနင်္သာရီမြို့နယ်ထဲက ကျေးရွာတချို့က ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပုံစံပြုလုပ်ကာ PDF တွေကို ရှာဖွေနေသလို ဥယျာဉ်ခြံတွေထဲက တဲအိမ် ၈ လုံးကို ဖျက်ဆီးပြီး ကားတစ်စီးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားထပ်မံတိုးချဲ့လာတာကြောင့် တနင်္သာရီမြို့နယ် တကူကျေးရွာက ဒေသခံ ၁၀၀ ဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒေသတွင်း PDF တပ်ဖွဲ့တွေအနေနဲ့ တနင်္သာရီတိုင်းအတွင်းက စစ်ရေးတင်းမာနေတဲ့ မြိုနယ်သုံးခု ဖြစ်တဲ့ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေကို ခရီးသွားလာခြင်း မပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ် ကေအန်ယူ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေမှာတော့ စစ်ကောင်စီနဲ့ ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပေါ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။ 

အဆိုပါ ဒေသအတွင်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းလောက်ကစပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေရှိသလို ဥယျာဉ်ခြံလုပ်ငန်းကို ပုံမှန်အတိုင်း သွားလာလုပ်ကိုင်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ဒေသတွင်းတပ်ဖွဲ့တွေအကြား ပုလောမြို့နယ်အတွင်းက KNU-KNDO ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေတဝိုက်မှာ တိုက်ပွဲထိတွေ့မှု များနေတာလို့လည်း ဒေသခံတွေကဆိုပါတယ်။ 

ဒါကြောင့် အဆိုပါဒေသအတွင်းက ကျေးရွာသားတွေအနေနဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီမှာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း စစ်ကောင်စီဘက်က အဆိုပါနယ်မြေအတွင်းကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်လာတဲ့အတွက် ဒေသတွင်း တပ်ဖွဲ့တွေအနေနဲ့ ဆွဲမိုင်းတွေ အဓိကထားပြီး တုံ့ပြန်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။ 

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် သဘော့ဆိပ်ကျေးရွာမှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလေးလေး ဆိုသူကို မနေ့ နေ့လယ်ပိုင်းက လောင်းကစားဝိုင်း (ကြက်ဝိုင်း) တစ်ခုကအပြန် သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ Launglone People Defence Forces (LPDF) က ထုတ်ပြန်ထားပါတယ်။ 

ပစ်ခတ်ခံရသူဟာ စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ရပ်ရွာအတွင်းမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်တာ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးကောက်ခံတာတွေ ပြုလုပ်တာနဲ့ ကျေးရွာသူ ကျေးရွာသားတွေကိုလည်း မတရားဖိနှိပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပျူစောထီးအဖွဲ့တွေက လောင်းကစားဝိုင်းက ငွေကြေးကောက်ခံပြီးအပြန် လောင်းလုံ PDF အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ အုပ်ချုပ်ရေးမှူးကို ထိမှန်ခဲ့ကာ သေဆုံးသွားတယ်လို့ LPDF အဖွဲ့က ထုတ်ပြန်ထားပေမဲ့ အသက်သေဆုံးခြင်း ရှိ၊ မရှိကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အဲဒီသဘော့ဆိပ်ကျေးရွာအတွင်းမှာ အခုဖြစ်စဉ်အပါအဝင် စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013