DVB Logo
Home
Lead Story
ကာဇက်စတန်မှ မေးခွန်းများ
DVB
·
January 11, 2022
ကာဇက်စတန်မှ မေးခွန်းများ
Donate to DVB

ဗဟိုအာရှ ကာဇက်စတန်မှာ ပြီးခဲ့တဲ့အပတ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တယ်။

ဒေါသပေါက်ကွဲနေတဲ့ ဆန္ဒပြသူတွေဟာ အစိုးရပိုင်အဆောက်အဦတွေ၊ ကုန်တိုက်တွေ၊ မော်တော်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်။

ကာဇက်စတန် အနောက်ပိုင်း ရေနံအမြောက်အမြားထွက်ရှိရာ မြို့ကလေးက စတင်လိုက်တဲ့ ဆန္ဒပြပွဲဟာ အဓိကရုဏ်းအသွင်ဆောင်သွားပြီး အကြီးဆုံးမြို့ အယ်လ်မာတီအထိ ပျံ့နှံ့သွားခဲ့တယ်။ ကြီးထွားလာတဲ့ ဆန္ဒပြပွဲကို လက်ရှိသမ္မတ ကက်ဆင်ဂျိုးမတ် တိုကာယက်ဗ် ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ မနိုင်တော့တဲ့အတွက် အကူအညီတောင်းရာက အိမ်နီးချင်း ရုရှားတပ်တွေ ဝင်ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာ ခုတော့ တော်တော်လေး ပြန်လည်ငြိမ်သက်သွားပြီလို့ သိရတယ်။ 

ဒီဖြစ်ရပ်မှာ မေးစရာ မေးခွန်းတွေ ရှိလာတယ်။ 

ဘာကြောင့် ရုရှားတပ်တွေက အိမ်နီးချင်းနိုင်ငံထဲ ဝင်ပြီး အစိုးရဘက်က အကာကွယ်ပေးခဲ့ရတာလဲ။ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေး ပဋိပက္ခကို တခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခွင့် ရှိသလား။ ဒီဖြစ်ရပ်မှာတော့ ရုရှားတပ်တွေဟာ သူတို့ချင်း ချုပ်ဆိုထားတဲ့ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (Collective Security Treaty Organisation) သဘောတူညီချက်အရ ငြိမ်းချမ်းရေး ထိန်းသိမ်းပေးဖို့ ဝင်လာရတာလို့ ဆိုတယ်။ ကမ္ဘာမှာ ခုလိုမျိုး ပြည်တွင်းရေးအကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ နိုင်ငံတွေ များစွာရှိပါတယ်။ ဒီလို ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေကို အင်အားကြီးနိုင်ငံ တစ်ခုက အခြေအနေကို လက်တွေ့ ဝင်ရောက်ထိန်းသိမ်းပေးတာမျိုးက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးပါ။ 

ထုံးစံအတိုင်း ဒီကိစ္စကို ရုရှားရဲ့ ပြိုင်ဘက် အမေရိကန်က မေးခွန်းထုတ်ပါတယ်။ ပြစ်တင် ရှုတ်ချပါတယ်။ စကားလုံးများနဲ့ သတိပေးပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က “မကြာ​သေးတဲ့ သမိုင်းသင်ခန်းစာတစ်ခုက ရုရှားတွေဟာ အိမ်တစ်အိမ်ထဲ ဝင်သွားပြီးရင် ပြန်မောင်းထုတ်ဖို့ အတော်ခက်တယ် ဆိုတာပဲ” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အသုံးအနှုန်းဟာ သူတို့ကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်တယ်။

“အမေရိကန် စစ်သားတွေ အိမ်တစ်အိမ်ထဲ ဝင်သွားပြီဆိုရင်တော့ အဲဒီအိမ်ရှင် လုယက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ တစ်ခုခုဖြစ်ပြီး အသက်ရှင်ဖို့ မရှိဘူး” ဆိုပြီး ရုရှားကလည်း တုံ့ပြန်တယ်။

 ထုံးစံအတိုင်း အမေရိကန်တွေက အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်နေတယ်လို့ ဆိုတယ်။ 

ကမ္ဘာ့အရေးအခင်းတွေမှာ ပြိုင်ဘက် နိုင်ငံကြီးတွေရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုတွေဟာ ဒီဘက်ကာလမှာ သိပ်မတွေ့ရသလောက် နည်းသွားတယ်။ အထူးသဖြင့် ကမ္ဘာ့ပုလိပ်ကြီးလို့ ဆိုကြတဲ့ အမေရိကန်ဟာ အီရတ်နဲ့ အာဖဂန် နောက်ပိုင်းမှာ လက်တွေ့ပါဝင်မှုထက် လေနဲ့ပဲ သတိပေးတာတွေ၊ ပိတ်ဆို့အရေးယူတာတွေ များလာခဲ့တယ်။ အာဖဂန်က အမေရိကန်တပ်တွေ ကသောကမျောနဲ့ ပြန်ပြေးရတဲ့အဖြစ်ကို ကြည့်ရင် ဒီဘက်ကာလမှာ အမေရိကန်ဟာ အရာကျသွားပြီလားလို့ မေးစရာရှိလာတယ်။

တဘက်မှာတော့ အာဏာရှင်နိုင်ငံတွေဟာ ခေါင်းထောင်ထလာကြတယ်။ စစ်အေးခေတ်လွန် ကာလမှာ စစ်အေးခေတ် အာဏာရှင်နိုင်ငံတွေ ခုတစ်ခါ ခေါင်းပြန်ထောင်လာနေတာ တွေ့မြင်နေရတယ်။ အထူးသဖြင့် ပြိုကွဲသွားတဲ့ ဆိုဗီယက်နေရာမှာ ပြန်လည်အစားထိုးဖို့ ရုရှားဟာ အဆင်သင့် အနေအထားမှာ ရှိနေတယ်။ ရုရှားရဲ့ ဩဇာစက်ဝန်းဟာ ခုချိန်ထိ ရှင်သန်နေဆဲပဲဆိုတာ အခု ကာဇက်စတန်ဖြစ်ရပ်က သက်သေပြနေတယ်။

တကယ်တော့ ကာဇက်စတန် အပါအဝင် ဘီလာရုစ်၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ မော်ဒိုဗာ၊ ဥဇဘက်၊ တာဂျစ်၊ ကာဂျစ်၊ အစရှိတဲ့ ဆိုဗီယက်နိုင်ငံဟောင်းတွေအပေါ် ရုရှားက ဩဇာစက်ဝန်း ဖြန့်ကြက်ထားဆဲ ဖြစ်တယ်။ ကာဇက်စတန်ဖြစ်ရပ်လိုပဲ ရုရှားဟာ ဘီလာရုစ်ကို စစ်ရေးအရ အထောက်အကူပေးမယ်လို့ ကတိပေးထားပြီး အခု ယူကရိန်းအရှေ့ပိုင်းက ရုရှားနဲ့ ပူးပေါင်းလိုတဲ့ ခွဲထွက်ရေးသမားတွေကို ထောက်ပံ့နေတယ်။ ရုရှားစစ်သည်အင်အား တစ်သိန်းကျော် ယူကရိန်းနယ်စပ်မှာ စုစည်းရောက်ရှိနေတာလည်း အချိန်မရွေး ယူကရိန်းကို သိမ်းပိုက်ဖို့ အနေအထားမျိုး ဖြစ်တယ်။ ပူတင်ကတော့ လက်ရှိ ရုရှားဟာ သူ့အနီးဝန်းကျင်က ယခင် ဆိုဗီယက်နိုင်ငံဟောင်း ၁၂ နိုင်ငံနဲ့ ပေါင်းစည်းထားတယ်လို့ ဆိုတယ်။ 

ကာဇက်စတန်က အလယ်အာရှမှာ အကြီးဆုံးနိုင်ငံဖြစ်ပြီး တရုတ်၊ ရုရှား၊ ဥဇဘက်၊ ကာဂျစ် နိုင်ငံများနဲ့ နယ်မြေချင်း ဆက်စပ်နေတယ်။ လူဦးရေ ၁၉ သန်းရှိပြီး မွတ်ဆလင်အများစုနဲ့ ရုရှားမျိုးနွယ်စု အနည်းငယ်ရှိတယ်။ ဆိုဗီယက်နိုင်ငံဟောင်း ဖြစ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပေါကြွယ်ဆုံးနိုင်ငံ ဖြစ်တယ်။

၁၉၉၁၊ ဆိုဗီယက်က ခွဲထွက်ပြီးကတည်းက ကာဇက်စတန်ကို သမ္မတ နာဇာဘာရက်က ဦးဆောင်ခဲ့တယ်။ တကယ်တော့ နာဇာဘာရက်ဟာ ဆိုဗီယက်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုဟောင်း တစ်ဦးဖြစ်ပြီး ပူတင်နဲ့ အလွန်ရင်းနှီးတယ်။ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ နာဇာဘာရက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုလုံးလုံး ကာဇက်စတန်ကို တစ်ဦးတည်း အာဏာရှင်ပုံစံမျိုးနဲ့ အုပ်ချုပ်ခဲ့တယ်။ အော်တိုကရက် တစ်ဦးဖြစ်တဲ့ နာဇာဘာရက်ဟာ ၂၀၁၉ မှာ သမ္မတရာထူးက အနားယူသွားပြီး သူ စိတ်ချယုံကြည်တဲ့ တိုကာယက်ဗ်ကို သမ္မတရာထူးပေးအပ်ခဲ့ပြီး ကာဇက်စတန် လုံခြုံရေးကော်မတီ ဥက္ကဋ္ဌအဖြစ်နဲ့ အာဏာကို ဆက်လက် ချုပ်ကိုင်ထားခဲ့တယ်။ 

ခု ဆန္ဒပြပွဲနဲ့ အဓိကရုဏ်း စတင်ဖြစ်ပေါ်လာရတဲ့အကြောင်းက လောင်စာဆီဈေးနှုန်းကို အစိုးရက ရုတ်တရက် နှစ်ဆ တိုးလိုက်ရာက စတင်ခဲ့တယ်။ ကာဇက်စတန်မှာ ရေနံဓာတ်ငွေ့ရည် (LPG)က ဈေးချိုတော့ မော်တော်ကားတွေကအစ သုံးစွဲတယ်။ LPG ဈေးနှုန်း နှစ်ဆတက်သွားတာကို မကျေနပ်ကြတဲ့ ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြကြရာက အဓိကရုဏ်းကြီး ဖြစ်သွားခဲ့တယ်။ 

၁၉၈၈ က မြန်မာနိုင်ငံလိုပဲ ကာဇက်စတန်မှာ ဆန္ဒပြခွင့်မရှိသလို ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းလည်း မရှိဘူး။ ကာဇက်စတန်က ဆန္ဒပြပွဲဟာ လူထု မကျေနပ်မှုကတဆင့် ပေါက်ကွဲထွက်လာတာ ဖြစ်တယ်။ ဆန္ဒပြသူတွေဟာ “အဘိုးကြီး ထွက်ပေး” လို့ အော်ဟစ်ကြတယ်။ အဘိုးကြီးဆိုတာ အသက် ၈၁ နှစ် အထိ အာဏာကို ဆုပ်ကိုင်ထားခဲ့တဲ့ နာဇာဘာရက်ကို ဆိုလိုတာဖြစ်တယ်။ စဉ်းစားစရာအချက်တစ်ခုက ရေနံနဲ့ သဘာဝဓာတ်ငွေ့ အလျှံအပယ်ပေါကြွယ်တဲ့ ကာဇက်စတန်မှာ လောင်စာဆီဈေးနှုန်းကြောင့် လူထုဆန္ဒပြပွဲကြီး ပေါ်ပေါက်လာရတာပဲ။ 

သတင်းတွေရဲ့အဆိုအရ သမ္မတ နာဇာဘာရက်ဟာ နိုင်ငံရဲ့သယံဇာတတွေကို သူ့မိသားစု အကျိုးစီးပွားအတွက် အဓိကအသုံးပြုခဲ့ပြီး ပြည်သူတွေက ဆင်းဆင်းရဲရဲနဲ့ နေကြရတယ်လို့ ဆိုတယ်။ ကာဇက်စတန်ပြည်သူတွေရဲ့ တစ်နှစ်ဝင်ငွေဟာ ပေါင်၂၅၀၀ ပဲ ရှိတယ်လို့ သိရတယ်။ 

နာဇာဘာရက် လက်ထက်မှာ မြို့တော်သစ်တစ်ခု တည်ဆောက်ပြီး သူ့ရဲ့ ကြီးမားတဲ့ ရုပ်တုကိုလည်း တည်ဆောက်ခဲ့တယ်။ မြို့တော်သစ် အမည်ကိုလည်း သူ့အမည်ရှေ့ ‘နူးရ်ဆူလ်တန်’ (Nursultan) လို့ အမည်ပေးခဲ့တယ်။ 

ခု ဆန္ဒပြပွဲတွေ ဖြစ်လာတော့ ဆန္ဒပြသူတွေက ရုပ်တုကိုပါ ဖြိုလှဲကြတယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က စတင်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း လူပေါင်း ၁၆၀ ကျော် အသက်သေဆုံးပြီး ၅၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သိရတယ်။

သမ္မတ တိုကာရက်ဗ်ဟာ လူထုအုံကြွမှုကြီးမားလာတော့ လောင်စာဈေးနှုန်းကို ပြန်ချပေးမယ်လို့ ကတိပေးခဲ့သလို အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့တယ်။ လူထု မကြိုက်တဲ့ သမ္မတဟောင်း နာဇာဘာရက်ဗ်ကို ကာဇက် လုံခြုံရေးကော်မတီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားလိုက်ပြီး အဲဒီနေရာကို သူကိုယ်တိုင် တာဝန်ယူလိုက်တယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ ဝန်ကြီးချုပ်ဟောင်းနဲ့ ထောက်လှမ်းရေးအကြီးအကဲ မက်ဆီမော့ဗ်ကို ရာထူးက ဖယ်ရှားပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးလိုက်တယ်။ သတင်းတွေအရ ခု ဆန္ဒပြပွဲတွေဟာ အစိုးရအဖွဲ့အတွင်း အာဏာလွန်ဆွဲပွဲတွေနဲ့ ဆက်စပ်နေတယ်လို့ သိရတယ်။ 

ခြုံငုံသုံးသပ်ရရင် ဆိုဗီယက်နိုင်ငံဟောင်းတွေမှာ အာဏာရှင်ဟောင်းတွေ ဆက်လက်ကြီးစိုးနေကြဆဲ ဖြစ်သလို ဒီအာဏာရှင်တွေဟာလည်း ရုရှားအပေါ် သစ္စာခံ ရပ်တည်နေကြဆဲ ဖြစ်တာပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပေမယ့် ရုရှားဟာ သူ့ရဲ့ ဩဇာစက်ဝန်းကို ဆိုဗီယက်နိုင်ငံဟောင်းတွေမှာ ဆက်လက်ဖြန့်ကြက်ထားဆဲဖြစ်ပြီး လိုအပ်ရင် အင်အားသုံးဖို့ အသင့်ရှိနေတာ လတ်တလော ယူကရိန်းဖြစ်ရပ်က သက်သေထူနေကြောင်းပါ။

ချစ်ဝင်းမောင် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013