DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်နှင့်ဆန်ကွဲ သုံးလအတွင်း တန်ချိန် ၈ သိန်းကျော် ပြည်ပတင်ပို့
DVB
·
January 10, 2022
မြန်မာ့ဆန်နှင့်ဆန်ကွဲ သုံးလအတွင်း  တန်ချိန် ၈ သိန်းကျော် ပြည်ပတင်ပို့
Donate to DVB

၂၀၂၁−၂၀၂၂ နှစ်၀က်ဘတ်ဂျက် ပထမသုံးလအတွင်း ပြည်ပကို မြန်မာ့ဆန်နဲ့ဆန်ကွဲ  တန်ချိန် ၈ သိန်းကျော် တင်ပို့ရောင်းချထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ ထုတ်ပြန်ထားချက်အရ  နှစ်ဝက်ဘတ်ဂျက်ရဲ့ ပထမဆုံးလဖြစ်တဲ့ အောက်တိုဘာလအတွင်း ကုမ္ပဏီ ၃၂ ခုက ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ သိန်း ၁ သောင်းကျော် တင်ပို့ခဲ့ပြီး နို၀င်ဘာလမှာ ကုမ္ပဏီ  ၃၄ ခုက တန်ချိန် ၂ သိန်း ၈ သောင်းကျော် တင်ပို့ရောင်းချခဲ့ကာ၊ ဒီဇင်ဘာလမှာ ကုမ္ပဏီ ၃၉ ခုက တန်ချိန် ၃ သိန်းကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိန်းဂဏန်းတွေအရ ပြည်ပနိုင်ငံတွေကို မြန်မာ့ဆန်နဲ့ဆန်ကွဲ တင်ပို့ရောင်းချနိုင်မှုက  တစ်လထက်တစ်လ  ပိုမိုမြင့်တက်လာပါတယ်။

ကိုဗစ်ကပ်ရောဂါ အကြောင်းပြ ကန့်သတ်ချက်တွေကြောင့် တရုတ်နယ်စပ်အထွက် နည်းပေမဲ့ ပင်လယ်ရေကြောင်း တင်ပို့မှု အားကောင်းနေတာကြောင့် တင်ပို့မှု မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရောင်းချရာမှာ နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်း  နှစ်ခုစလုံးကနေ တင်ပို့နေတာပါ။

သုံးလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၇ သိန်းခွဲကျော်ရှိပြီး၊ နယ်စပ်ကနေ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့မှုက တန်ချိန်  ၄ သောင်းခွဲကျော်သာရှိပါတယ်။ ရာခိုင်နှုန်းအရ ၉၅ ရာခိုင်နှုန်းနီးပါး တင်ပို့ရောင်းခဲ့တာဖြစ်ပြီး၊ ကျန် ၅ ရာခိုင်နှုန်းကျော်ကိုသာ နယ်စပ်လမ်းကြောင်းကနေ တင်ပို့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံ နှစ်နိုင်ငံကြား ရေးထိုးခဲ့တဲ့  ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ  နှစ်နိုင်ငံဘဘောတူစာချုပ်အရ မြန်မာနိုင်ငံကနေ သီရိလင်္ကာနိုင်ငံကို ဆန်ဖြူတန်ချိန် တစ်သိန်း၊ ပေါင်းဆန် တန်ချိန်ငါးသောင်း တို့ကို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ဆန်နဲ့ဆန်ကွဲကို ပြည်ပတင်ပို့မှုမှာ တရုတ်နိုင်ငံကို ပမာဏ အများဆုံးတင်ပို့ခဲ့တာဖြစ်ပြီး၊ နယ်သာလန်၊ အိုင်ဗရီကို့၊ ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံနဲ့ နိုင်ဂျီးရီး ယားနိုင်ငံတွေအပါအ၀င် နိုင်ငံများစွာကိုလည်း တင်ပို့နေတာဖြစ်ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ  ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အဲဒီကနေ ပို့ကုန်၀င်ငွေ အမေရိကန် ဒေါ်လာသန်း  ၇၉၇ သန်းကျော် ရရှိခဲ့ပါတယ်။ 

၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၁ဒသမ ၈သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ကျော်သာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013