DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ ဘေးကင်းရေး စိုးရိမ်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
January 10, 2022
မြန်မာပြည်သူများ ဘေးကင်းရေး စိုးရိမ်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော
Donate to DVB

တစ်နှစ်နီးပါးကြာနေပြီဖြစ်တဲ့  နိုင်ငံရေးအကျပ်အတည်းကြားမှာ မြန်မာပြည်သူတွေရဲ့ ဘေးကင်းရေးနဲ့ သက်သာချောင်ချိရေးဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အမြဲတမ်း စိုးရိမ်စရာဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကပြောပါတယ်။

ဟိုးအစကတည်းက အင်ဒိုနီးရှားဟာ ပံ့ပိုးကူညီဖို့ ကတိကဝတ်ကို ပြသခဲ့ပါတယ်လို့ ဇန်နဝါရီ ၆ ရက် သတင်းထုတ်ပြန်ချက်မှာ ဝန်ကြီးမာဆူဒီက မှတ်ချက်ပြု ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီရဲ့ တစိတ်တပိုင်းအဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံရှိ ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ 

လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေ ဆက်ဖြစ်နေရင် မြန်မာနိုင်ငံမှာသာမက အာဆီယံနဲ့ ပိုကျယ်ပြန့်တဲ့ဒေသတွေထိပါ တည်ငြိမ်ရေးနဲ့ လုံခြုံရေး ထိခိုက်လိမ့်မယ်လို့ ဝန်ကြီးက မှတ်ချက်ပြုပါတယ်။

အာဆီယံခေါင်းဆောင်တွေ ၂၀၂၁ ခုနှစ် ဧပြီလက ဂျကာတာမှာ အစည်းအဝေးကျင်းပပြီး သဘောတူညီမှုငါးရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ဒီအချက်ငါးချက် သဘောတူညီမှုဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအတွက် လမ်းညွှန်ချက်တစ်ခုအနေနဲ့ အထောက်အကူဖြစ်စေမှာပါလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဆီယံ အချက်ငါးချက် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအဆင့် ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ အာဆီယံအတွက် ခက်ခဲမယ်လို့လည်း ဝန်ကြီးက မှတ်ချက်ချခဲ့ပါတယ်။ အာဆီယံအနေနဲ့ ဒီပူးတွဲကတိကဝတ်ကို လိုက်နာရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ စည်းလုံးညီညွတ်မှုကို ခိုင်မာစေဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။ 

အာဆီယံဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့အတွက် အခိုင်အမာ ဆက်လက်ဆောင်ရွက်သွားရမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ 

ဒါ့အပြင် အာဆီယံအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာက စိန်ခေါ်မှုအသစ်တွေကို ဆက်စပ်မှုရှိနေဖို့ လိုအပ်ပြီး သင့်လျော်သလို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အလေးပေး ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီထားတဲ့ အချက်ငါးချက်ကို ရိုးသားစွာ လက်ခံပြီး အကောင်အထည်ဖော်ဖို့ အာဆီယံဟာ အစောပိုင်းကတည်းက မြန်မာနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

အာဆီယံက မိသားစုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် မိသားစုဝင်တဦးကို ကူညီတာထက် မပိုကြောင်းနဲ့ တဘက်ကလည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကူညီဖို့ စိတ်ရင်းမှန်နဲ့ ကြိုဆိုပေးတာကို မြင်ချင်ကြောင်း အာဆီယံဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်းကိုယ်စားလှယ် အဒီပက်မိုဆာဝိုနိုက မြန်မာ့အကျပ်အတည်းနဲ့ အာဆီယံရဲ့ အနာဂတ်" ဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဆီယံဟာ အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု တစုံတရာ မတွေ့ရသေးကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တစ်ယောက်ယောက်က လက်ကမ်းကူညီပေးချင်ပေမယ့် တစ်ဖက်က ရိုးရိုးရှင်းရှင်း လက်မခံပေးရင် ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှာရ အရမ်းခက်တယ်လို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကတိကဝတ်ကို မဆောင်ရွက်ဘူးလို့ ရှုမြင်ကြပြီး   အာဆီယံသဘောတူညီချက် ၅ ချက်ကို လုံလောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြုခဲ့ပါဘူး။ 

ကိုးကား- Antara News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013