DVB Logo
Home
နိုင်ငံရေး
မုန်တိုင်းပျော် ငှက်တစ်ကောင်
DVB
·
January 8, 2022
မုန်တိုင်းပျော် ငှက်တစ်ကောင်
1 / 2
Donate to DVB

( ၁ )

သူနှင့် စတင်သိရှိစဥ်က ၁၉၇၃ ခုနှစ်ဝန်းကျင် ဖြစ်မည်။

မေးရိုးကားကား ညာဘက်ပါးပေါ်တွင် ထင်ရှားသည့် မှည့်တစ်လုံး။ စကားပြောလျှင် ခေါင်းကို မသိမသာ ညိတ်ပြီးပြောတတ်သူ။ အသံခပ်တိုးတိုး။ ကျနော့်အထင် သူက စကားကို ချိန်ဆပြီးမှ ပြောတတ်သူ။ သည်အပြုအမူ သည်အနေအထားမှာ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလများ၌ မီဒီယာများနှင့် ခပ်စိပ်စိပ် ထိတွေ့လာရသည့် အချိန်များတွင် ပို၍သိသာထင်ရှားလာခဲ့၏။

သည်အပြောအဆို သည်လိုဟန်ပန်ကြောင့်လည်း သူ့ကို ပျော့ညံ့သူ မပြတ်သားသူအဖြစ် မြင်ကြသူ တချို့  ရှိခဲ့၏။ 

တကယ်တော့ လူတချို့ ထင်သလို မဟုတ်ပါ။ သူသည် နှစ် ၄၀ ကျော်ကာလအတွင်း စစ်ဝါဒီအုပ်စုအပေါ် ရပ်တည်ချက် ပြတ်သားစွာ ဆန့်ကျင်သူ၊ စစ်ဝါဒ ဆန့်ကျင်ရေးအတွေးအမြင် ရှင်းလင်းတိကျသူသာ ဖြစ်သည်။ 

သူသည်ကား ကဗျာဆရာ မုံရွာအောင်ရှင် ဖြစ်သည်။ 

( ၂ )

နှစ်ပေါင်း ၂၀ ကျော် ကျနော် ပြည်ပတွင် ရောက်ရှိနေပြီး သူနှင့် မထိမတွေ့ခဲ့ရဘဲ ၂၀၁၂ ခု ပြည်တွင်း ကျနော် ပြန်ရောက်တော့ မုံရွာအောင်ရှင်က NLD ၏ အမာခံခေါင်းဆောင်တစ်ဦး ဖြစ်နေပြီ။ သူ အလုပ်လုပ်ရာ ဒီလှိုင်းဂျာနယ်တိုက်ကို ကျနော် သွားခဲ့သည်။ သူ့ကို နဂိုဟန်ပန်အတိုင်း ခပ်အေးအေး ခပ်တွေးတွေးဆဆဟန်ဖြင့်ပင် မပြောင်းမလဲ တွေ့ရ၏။

သူနှင့် ကျနော် ဆရာဦးဝင်းတင်ဆီ အတူသွားကြသည်။ အတူထိုင်ပြီး စကားပြောကြသည်။

ထိုစဥ်က သူနှင့် ကျနော်မှာ အလုပ်ချင်း မတူကြ။ သူက NLD တွင် ခေါင်းနှစ်ပြီး အလုပ်လုပ်နေသည့် စစ်ဝါဒဆန့်ကျင်ရေးသမား နိုင်ငံရေးခေါင်းဆောင်။ ကျနော်ကမူ သတင်းစာဆရာ။

သူနှင့်မူ နောက်ပိုင်း၌ ထုံ့ပိုင်းထုံ့ပိုင်းသာ တွေ့မိသည်။ တွေ့ရသည့် ယင်းအချိန်အနည်းငယ် အတွင်းမှာပင် သူ့ပါတီတွင်းပြဿနာများနှင့် မိုးဝေစာပေမဂ္ဂဇင်း ခေတ်ကာလအကြောင်းများကိုသာ ကြားခဲ့ရ၊ ပြောခဲ့ရ၏။ 

သူသည် အတောင်အလက်စုံသည့် နိုင်ငံရေးငှက်တစ်ကောင် ဖြစ်လာနေသည့်တိုင် ကျနော်ကမူ သူ့ကို ကဗျာဆရာတစ်ယောက်အနေဖြင့်သာ မြင်နေမိသည်။ မြင်ချင်နေသည်။ သူ့ပါတီတွင်း ကိစ္စများကြား နိုင်ငံရေးအကြောင်းအရာများထက် မြန်မာကဗျာ ဖြစ်ပေါ်ပြောင်းလဲမှုများ အကြောင်းကို ပိုပြီးပြောချင်နေခဲ့၏။ ပြောလည်း ပြောခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ့ကို ကျနော်က နိုင်ငံရေးသမားထက် ကဗျာဆရာဘက် ပို၍ တိမ်းညွှတ်စေချင်သောကြောင့် ဖြစ်သည်။

( ၃ )

၁၉၉၅ ခုနှစ်က ဖြစ်မည်။ သူ ပထမအကြိမ် အဖမ်းခံရစဥ်က ကျနော့်မှာ စိတ်ထဲ ရှက်နေမိသေးသည်။ သူနှင့်အတူ မြေအောက်စာအုပ်စာတမ်းတွေ မြေအောက်စာပေလှုပ်ရှားမှုတွေ ပူးပေါင်းပြီး လုပ်နေပါလျက် သူ့ကိုသာဖမ်းပြီး ကျနော့်ကိုကျ မဖမ်းဘဲ ချန်ထားခဲ့သည်ကို တွေးကာ မခံမရပ်နိုင် ဖြစ်ရသေးသည်။ တကယ်တော့ သူသည် ကျနော့်ထက် ပိုမိုထိရောက်သော မြေအောက်လုပ်ငန်းများ လုပ်ကိုင်နေခဲ့သည်ကို ကျနော် မသိခဲ့။ နောင်မှသာ တဖြည်းဖြည်း သိလာရခြင်း ဖြစ်သည်။

သူသည် ပုဂ္ဂိုလ်အရကိုယ်၌က ကျနော်နှင့် ရင်းနှီးနေသည့်တိုင် နိုင်ငံရေးကိစ္စများတွင် ကျနော့်ကို ဘယ်နေရာ ဘယ်အနေအထားတွင် ထားရမည်ကို သိနေသည်ဟု ကျနော် တွေးမိသည်။ တခါက ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတချို့ကို သူပဲ ခေါင်းဆောင်ကာ ပဲခူးတွင် နေထိုင်သည့် ကျနော့်ထံ ရောက်လာ၏။ ထိုစဥ်က ပဲခူးရိုးမ တောတွင်းတနေရာတွင် ဖမ်းမိကာ ညောင်လေးပင်တွင် ရုံးထုတ်သည့် လက်နက်ကိုင်တော်လှန်ရေးသမား ၁၁ ယောက်ကို သွားရောက် အားပေးရန် ကျနော့်ကို ဝင်ခေါ်ခြင်းဖြစ်၏။

ညောင်လေးပင် တရားရုံးထဲ ရုံးထုတ်စစ်ဆေးမည်ရှိစဥ် တရားခံများ တန်းစီထိုင်နေရာ ခုံတန်းမှ ကိုစံဦး (နောင်အခါ NLD ဗဟိုကော်မတီဝင် ​ကျောက်တံခါးမြို့နယ်ဥက္ကဋ္ဌဖြစ်လာသူ)က ရုတ်တရက် ထရပ်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်ထူထောင်သည့်မွေးနေ့ဖြစ်ကြောင်း ပြောပြီး ‘တရားခံအားလုံး ထလော့၊ အငတ်ဘေးကျရောက်နေသူတွေ ထလော့… ထလော့ အဖိနှိပ်ခံ ပြည်သူတွေ ထလော့…’ အစချီ နိုင်ငံတကာသီချင်းကို ဝိုင်းဆိုကြ၏။ တရားသူကြီးနှင့် ရဲများ ပျာယာခတ်နေစဥ် ကိုအောင်ရှင်နှင့် ကျနော်တို့လူသိုက်လည်း အခန်းထဲမှ အမြန်ထွက်လာခဲ့ကြရ၏။ နောင်အခါ ကိုစံဦးတို့တသိုက် ထောင် ၅ နှစ်စီ ကျသွားကြသည်ဟု ကြားရ၏။

ကျနော်နှင့် မုံရွာအောင်ရှင်၏ ဆက်ဆံရေးအနေအထားမှာ ကျနော့်ထက်လည်း အနည်းငယ် ကြီးသည့်အတွက် ငယ်စဥ်ကဆိုလျှင် စာအုပ်စာတမ်း ရွေးချယ်ဖတ်ရာကအစ သူကသာ ဦးဆောင် ကူညီခဲ့ရသည်သာ များပါသည်။

ကျနော် သတင်းစာဆရာဘဝမှ အပြီးအပိုင် နုတ်ထွက်ပြီး စာရေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပန်းချီဆွဲခြင်း အလုပ်များဖြင့် ကျင်လည်နေစဥ် သူနှင့်ကျနော် ဖုန်းဖြင့်သာ စကားမကြာခဏ ပြောဖြစ်သည်မှလွဲ၍ လူချင်းမဆုံဖြစ်တော့ပါ။ သူသည်လည်း သူ့နိုင်ငံရေးမုန်တိုင်းများအတွင်း၌ ယခင်ကထက်ပိုပြီး ရင်ဆိုင်ဖြတ်သန်းလာနေရသည်ကိုတော့ ကြားနေ၊ မြင်နေခဲ့ရ၏။

နောက်တော့ စစ်တပ်မှ အာဏာသိမ်းပြီး အစောဆုံးအဖမ်းခံရသည့် NLD ခေါင်းဆောင်များထဲ သူ ပါဝင်လာရ၏။ 

သူ အဖမ်းခံထားရစဥ် သူ့အကြောင်း မကြာခဏ တွေးမိနေပြန်သည်။ ပြီးတော့ သူသည် အသက်အရွယ် ရလာခဲ့ပြီလည်း ဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြမ်းတမ်းပြီး အပြောင်းအလဲ မြန်ဆန်လှသည့် သမိုင်းလမ်းကြောင်းပေါ် ရာစုနှစ်တဝက်ကျော် သူ ဖြတ်သန်းလာခဲ့ရသည်ကို အတိုင်းအတာတစ်ခုအထိ သိထားသည်မို့ သူ့အတွက် စိတ်ပူမိသည်။

နောက်တော့ သူ ထောင်က လွတ်လာပြန်သည်။ လွတ်လာလာချင်း မီဒီယာများနှင့် တွေ့သည်ကို မကြားရ။ ကျန်းမာရေးကြောင့်နှင့် တစ်စုံတရာ အပြောအဆို ထိန်းရမည်ရှိသဖြင့်သာ သူ့အသံကို ခပ်ကျယ်ကျယ် မကြားရခြင်းဖြစ်မည်ဟု တွေးသည်။

၂၈၊ ၁၁၊ ၂၀၂၁ နေ့တွင်တွင်မူ မုံရွာအောက်ရှင် ရုတ်တရက် ကွယ်လွန်ကြောင်း ကြားလာရ၏။ ကြားကြားချင်း သူ့အတွက် စိတ်မကောင်းဖြစ်မိသော်လည်း သူ၏ တမောတပန်း လျှောက်လှမ်းလာခဲ့ရသည့် ဘဝခရီးကြမ်းကြီးကို တွက်ဆကာ သူ့အတွက် ပင့်သက်ချမိသည်။

သူသည်ကား တကယ့်နိုင်ငံရေးသတ္တဝါ ဖြစ်သည်။ မုန်တိုင်းထန်လွန်းသည့် ပင်လယ်ပြင်ကြီးပေါ် ခရီးမိုင်များစွာ ဖြတ်ပျံလာနေသည့် မုန်တိုင်းပျော် ငှက်တစ်ကောင်လည်း ဖြစ်သည်။

သူကလည်း သူ့ကိုသူ စစ်ဝါဒမုန်းတီး ဆန့်ကျင်ရေးသမားအဖြစ်သာ သူ့ဘဝကို ထုဆစ်လိုဟန် ရှိပါသည်။ မုန်တိုင်းပျော် ငှက်တစ်ကောင်အဖြစ်ထက် ပိုကြီးတဲ့ ရည်မှန်းချက် ထားရှိခဲ့ဟန် မတူပါ။

ထို့ကြောင့် သူ့ကို ကျနော် အလေးနီပြုလိုက်ပါသည်။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013