DVB Logo
Home
မြန်မာသတင်း
မိုဘိုင်းဆင်းမ်ကတ် အခွန်ကောက်သည့်အပေါ် ပြည်သူများဝေဖန်
DVB
·
January 7, 2022
မိုဘိုင်းဆင်းမ်ကတ် အခွန်ကောက်သည့်အပေါ်  ပြည်သူများဝေဖန်
1 / 2
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်က မိုဘိုင်းဆင်းမ်ကတ်တွေကို လူတိုင်း အလွယ်တကူ ကိုင်ဆောင်ခွင့် မရအောင် ထိန်းချုပ်ဖို့နဲ့ ဒေတာသုံးစွဲမှုကို လျှော့ကျဖို့ ရည်ရွယ်ချက်နဲ့ အခွန်အကောက်တွေကို တိုးမြှင့်လိုက်တာလို့ အခွန်နဲ့စာရင်းအင်းဆိုင်ရာသုတေသီတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ မြန်မာနိုင်ငံမှာ ဆင်းမ်ကတ် ရောင်းချမှုနဲ့ ဆင်းမ်ကတ်ကို စတင်အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးရတဲ့ ဝန်ဆောင်မှုအပေါ် ဆင်းမ်ကတ်တခုကို ကျပ် နှစ်သောင်းနှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် တကြိမ်တည်း ကျသင့်စေရမယ်လို့ ဆိုပါတယ်။

ဒီ့အပြင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေအပေါ် ၁၅ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမယ်လို့ ထပ်မံ တင်းကျပ်ထားပါတယ်။

ဒါကြောင့် စက်စစ်ကောင်စီခေါင်းဆောင်ရဲ့ လုပ်ရပ်က ပြည်တွင်းမှာ လွယ်လင့်တကူ ကိုင်ဆောင်ခွင့်ရရှိနေတဲ့ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို ထိန်းချုပ်ဖို့ ပြင်ဆင်လာတာလို့ ဆိုနိုင်ပါတယ်။

အခွန်နဲ့စာရင်းအင်းဆိုင်ရာ သုတေသီတဦးက “အင်တာနက်ကို လွယ်လွယ်ကူကူသုံးလို့မရအောင် ကန့်သတ်လိုက်တဲ့ သဘောမဖြစ်ဘူးလားဆိုတော့ ဖြစ်တာပေါ့။ အင်တာနက်ကလည်း များသောအားဖြင့် ဆိုရှယ်မီဒီယာနဲ့ပဲ ချိတ်ဆက်ပြီး သုံးကြတာလေ။ ဒီအပေါ် ကုန်ကျစရိတ် မြင့်လိုက်တဲ့အတွက် သုံးစွဲမှုလျှော့ကျသွားအောင်လုပ်တဲ့ သဘောပါ။ ဒါကြောင့်ပဲ ကုန်သွယ်လုပ်ငန်းခွင်ကို တိုးမြှင့်ကောက်လိုက်တာလို့ မြင်တယ်။ သာမန်လူတန်းစားတချို့က အခုဆိုရင် ဖေ့စ်ဘွတ်ခ် ဘာတွေ မကြည့်တော့ဘူးလို့ ကြားရတယ်။ ဘာလို့လဲ မိုဘိုင်းဒေတာက စားတာကို။ ဒီ့အပြင် ဖိုက်ဘာကလည်း အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းဆိုတော့ ဒီဟာတွေလည်း ပါမယ်ထင်တယ်။ ပြည်တွင်းအခွန်များဦးစီးဌာနက ဘယ်ဟာတွေတော့ ပါမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်လာဖို့ရှိတယ်။ အဲ့ဒါကို စောင့်ကြည့်ရမယ်။ ပြီးတော့ သူတို့ အခွန်အကောက်ဥပဒေမှာတော့ အသစ်လုပ်တဲ့ မိုဘိုင်းဆင်းမ်ကတ်တွေ အတွက်ပဲ ကျပ် နှစ်သောင်း ပေးရမယ်ပြောတယ်။ ဒါပေမဲ့ တခုရှိတာက လက်ရှိသုံးနေတဲ့ မိုဘိုင်းဆင်းမ်ကတ်တွေကို ပိတ်လိုက်ပြီး သုံးချင်ရင် နှစ်သောင်းပေးမှ သုံးရမယ်လို့ ဒါမျိုးလည်း လုပ်လာနိုင်တယ်နော်။ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းကရတဲ့ ကုန်သွယ်လုပ်ငန်းခွင်ဝင်ငွေက အရင်က ၅ ရာခိုင်နှုန်းပဲ ရှိတာ။ အခုတော့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တယ်။ ဦးသိန်းစိန်လက်ထက်တုန်းကတော့ ၅ ရာခိုင်နှုန်းသတ်မှတ်ဖို့အတွက် ဆားဗစ်ပရိုဗိုက်တာတွေနဲ့  အရင်ဦးဆုံး အကြိတ်အနယ် ဆွေးနွေးပြီးမှ သတ်မှတ်ခဲ့ရတာ။ အခုတော့ ၁၅ ရာခိုင်နှုန်းဆိုပြီး သူတို့ဘာသာ သတ်မှတ်လိုက်ပုံရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတိုင်းလိုလိုမှာ အခွန်စနစ်ကို လက်ခံကျင့်သုံးကြပေမယ့် သုံးစွဲတဲ့နေရာမှာ မှန်ကန်မှု ရှိ မရှိဆိုတာက ကျင့်သုံးတဲ့ နိုင်ငံအပေါ် ကွဲပြားခြားနားမှုရှိစေပါတယ်။

ဘတ်ဂျက်ရေးရာကျွမ်းကျင်သူတဦးကလည်း “အခွန်ကောက်ယူတဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ပြည်သူပြည်သားတွေအတွက် ပြန်သုံးတာပဲနော်။ ဒါက ယေဘုယျအားဖြင့် ပြောတာပါ။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ်ဗျာ။ အခွန်ကောက်တယ်ပေါ့။ အခွန်ရလို့ရှိရင် ဒီအခွန်ရရှိတဲ့ငွေအပေါ် ကိုယ့်တိုင်းပြည် ကြွယ်ဝချမ်းသာ ရေးအတွက် ပြန်သုံးကြတယ်နော်။ ဒါက ပြည်သူပြည်သားတွေ အေးချမ်းမှုနဲ့ သာယာဝပြောမှုအတွက် ပြန်သုံးကြတာလေ။ အခုကတော့ ကျနော်တို့ဆီမှာ ဒီဟာတွေကို ဘယ်မှာ သုံးမလဲဆိုတာက ရသုံးမှန်းခြေ (ဘတ်ဂျက်) စာရင်းထွက်လာရင် ပေါ်လာမှာပါ။ ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ ဒီဘတ်ဂျက်စာရင်းကလည်း ဘယ်လောက် မှန်ကန်မှု ရှိ မရှိ ဆိုတာကတော့ လူတိုင်းသိပြီးသားပါ” လို့ ပြောပါတယ်။

ဆင်းမ်ကတ်ရောင်းချနေတဲ့ လူငယ်တဦးက “ကျနော်တို့ ဆင်းမ်ကတ်တွေကို ၁၅၀၀ ကျပ်နဲ့ အပြင်မှာ လွယ်လွယ်ကူ ကူဝယ်လို့ရတယ်လေ။ အဲ့လို ဝယ်ပြီးသုံးတဲ့အခါမှာ တချို့ဆို သုံးပြီးတာနဲ့ လွှင့်ပစ်လိုက်တာလည်း ရှိတယ်နော်။ ဘာလို့လဲ ဆိုသူက ပေါပေါလေးနဲ့ ရတာကိုး။ ၁၅၀၀ ကျပ်ဆိုတော့လေ။ အခုတော့ တခါလုပ်ရင် ဆင်းမ်ကတ် တခု နှစ်သောင်းကျပ် ဆိုတော့ အရင်လို လွယ်လင့်တကူ လွှင့်ပစ်ဖို့က ခက်သွားပြီပေါ့။ ပြီးတော့ နောက်တချက် ကိုယ့်နံပါတ်တခုကိုပဲ စွဲစွဲမြဲမြဲ ကိုင်အောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်လည်း ရှိမယ်” လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ ပြည်တွင်းမှာ မိုဘိုင်းဒေတာအသုံးပြုမှုနှုန်းထားနဲ့ ဖုန်းခေါ်ဆိုမှုနှုန်းထားတွေကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် ကစပြီး တိုးမြှင့်ပြောင်းလဲ သတ်မှတ်ခဲ့ပါသေးတယ်။

ဒါကြောင့် အခုပြင်ဆင်လိုက်တဲ့နှုန်းထားတွေအရ Telenor နဲ့ Ooredoo အော်ပရေတာတို့က internet package အတွက် 1 GB ကို ၁၉၉၀ ကျပ်ရှိပြီး MPT အော်ပရေတာက 935 MB ကို ၁၇၉၉ ကျပ်နဲ့ စစ်ကောင်စီပိုင် Mytel အော်ပရေတာက 512 MB ကို ၉၆၈ ကျပ်နဲ့ အသီးသီးစျေးနှုန်းတွေကို ပြင်ဆင်ခဲ့ပါတယ်။

အရင်ကတော့ Telenor နဲ့ Ooredoo အော်ပရေတာတို့က internet package အတွက် 925 MB ကို ၉၉၉ ကျပ်သာရှိခဲ့ပြီး MPT က 935 MB ကို ၉၉၉ ကျပ်နဲ့ စစ်ကောင်စီပိုင် Mytel ကလည်း 920 MB ကို ၉၆၈ ကျပ်သာရှိတာကြောင့် အခုပြင်ဆင်လိုက်တဲ့နှုန်းက ယခင်ကထက် နှစ်ဆနီးပါးမြှင့်တက်နေပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေက MPT က၂၃ သန်း၊ Telenor က ၁၇ သန်း၊ Ooredoo က ၁၅ သန်းနဲ့ စစ်တပ်ပိုင် Mytel က ၁၀ သန်းရှိတယ်လို့ မိုဘိုင်းအော်ပရေတာတွေက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေ အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013