DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းတွင် စစ်တပ်က အသက်မပြည့်လူငယ် ၃ ဦးအားပစ်သတ်၊ ဒေသခံ ၁၀ ဦးခန့် ပျောက်ဆုံး
DVB
·
January 7, 2022
သရက်ချောင်းတွင် စစ်တပ်က အသက်မပြည့်လူငယ် ၃ ဦးအားပစ်သတ်၊ ဒေသခံ ၁၀ ဦးခန့် ပျောက်ဆုံး
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ ဇန်နဝါရီ ၇ ရက် မနက် ၈ နာရီ လောက်က တိုက်ပွဲဖြစ်ပွားပြီး အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းတပ်နဲ့ ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဒီနေ့မနက် အပြန်အလှန် ပစ်ခတ်ကြတာပါ။

ဖြစ်ပွားရာနေရာကို သရက်ချောင်းဘက်က စစ်ကူရောက်ရှိလာတဲ့ စစ်ကားငယ် ၂ စီးအား ကင်းရှေ့ကျေးရွာအနီးမှာ ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ကင်းရှေ့ကျေးရွာအတွင်း တရစပ်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရွာသားတွေ ကြောက်လန့် ထွက်ပြေးတဲ့အချိန်မှာလည်း စစ်ကောင်စီတပ်က အနောက်ကနေ လိုက်ပစ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

အခုပစ်သတ်ခံရတဲ့ လူငယ် ၃ ဦးမှာ ကင်းရှေ့ကျေးရွာအတွင်း ပန်းရံလုပ်နေစဥ် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ရွာအပြင်ထွက်ပြေးရာမှ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

ပစ်သတ်ခံရတဲ့သူတွေကတော့ မောင်သန့်ဇင်ထွေး (၁၄ နှစ်)၊ မောင်အောင်သက်ဖြိုး (၁၇နှစ်) နဲ့ မောင်ရဲဇော်ထိုက် (၁၇) နှစ်တို့ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာတွေဖြစ်တဲ့ ကျောက်လှေကား၊ စော်ဖျား၊ ကင်းရှေ့ကျေးရွာတို့မှ ရွာသား ၁၀ ယောက်ကျော် ပျောက်ဆုံးနေပြီး အဖမ်းခံထားရသူ အများအပြား ကျည်ဆန်ထိမှန် ဒဏ်ရာ ရရှိထားသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အသက်မပြည့်သေးတဲ့ အပြစ်မဲ့လူငယ်တွေကို ပစ်သတ်တာဟာ စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“အခုလိုမျိုး PDF တွေကို မမိတော့ ဘာမှမဆီမဆိုင် အရပ်သားတွေကို ပစ်သတ်တာက စစ်တပ်သုံးနေကျ ဗျူဟာပါပဲ။ သူတို့ အဲဒီလိုအရပ်သားတွေကို ပစ်သတ်လိုက်ရင် ပြည်သူတွေ အနေနဲ့ PDF တွေကို လက်မခံရဲတော့ဘူးဆိုပြီး တွေးပုံရတယ်။ အဲဒီကျ PDF တွေ လုပ်ရကိုင်ရ ခက်သွားမယ်လေ။ အခုလိုမျိုး စစ်ကောင်စီတပ်တွေရဲ့ သူရဲဘောကြောင်တဲ့၊ လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကတော့ တော်တော်အောက်တန်းကျပါတယ်။”

တိုက်ပွဲဖြစ်ပွားရာ စော်ဖျားကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲထားတာ  ကြာပြီဖြစ်ပြီး ရွာသူရွာသားတွေကို အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးနေသလို နေအိမ်အချို့ကိုလည်း မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013