DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စက်ရုံ လျှပ်စစ်ဓာတ်အားပေးလိုင်းဖောက်ခွဲခံရသဖြင့် စက်ရုံလည်ပတ်မှုရပ်
DVB
·
January 7, 2022
တကောင်းနီကယ်စက်ရုံ လျှပ်စစ်ဓာတ်အားပေးလိုင်းဖောက်ခွဲခံရသဖြင့် စက်ရုံလည်ပတ်မှုရပ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တကောင်းတောင် နီကယ်စက်ရုံကို သွယ်တန်းဓာတ်အားပေးနေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဇန်နဝါရီ ၇ရက်နေ့ မနက် ၁၂ နာရီ ၃၈ မိနစ်က ဖောက်ခွဲဖျက်ဆီးပစ်လိုက်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ့က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ပူးပေါင်းခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်ခံ တပ်တွေနဲ့ ရဲတွေကို စက်ရုံအတွင်း ဧည့်ခံပြီး အားပေးအားမြှောက်ပြုလုပ်နေတာကြောင့် တကောင်းနီကယ်စက်ရုံရှိ လျှပ်စစ် ဓာတ်အားပေးလိုင်းတိုင် ၃ ခုကို Special.9-HPDF နဲ့ Fox Army-HPDFတို့ ပူးပေါင်း ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ 

အဆိုပါဓာတ်အားလိုင်းတွေဟာ ကချင်ပြည်နယ်ဘက်က ဖြတ်သန်းသွယ်တန်းလာတဲ့ ဓာတ်အားလိုင်းတွေဖြစ်ပြီး အခုလို ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် လတ်တလော စက်ရုံလည်ပတ်မှု ရပ်တန့်သွားပြီလို့လည်း သိရပါတယ်။

"စစ်အုပ်စုနဲ့ပေါင်းတဲ့ ဘယ်ကုမ္ပဏီ၊ ဘယ်စီးပွားရေးလုပ်ငန်းရှင်မဆို ကျနော်တို့ဘက်က ပိတ်ဆို့မှာပဲပေါ့။ အရင်ဆုံးသတိပေးမယ်၊ သတိပေးလို့မှမရရင် ကျနော်တို့ကတော့ အခုလို လက်တွေ့ကျကျ လုံးဝရပ်တန့်တဲ့ ပုံစံမျိုးတွေ ဖြစ်အောင်ပဲ သတိပေးမယ်ခင်ဗျ" လို့ HPDF တာဝန်ရှိသူက ပြောပါတယ်။

နီကယ်စက်ရုံအနေနဲ့ စစ်ကောင်စီရဲ့ အရာရှိတွေကို စက်ရုံအတွင်း တည်းခိုခွင့်ပြုပြီး ဧည့်ခံတာ၊ စက်ရုံပိုင်ကားတွေအား စစ်ကောင်စီတပ်တွေကို သုံးခွင့်ပေးတာတွေ ရှိတဲ့အတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာခဲ့တဲ့အတွက် ပထမဆုံးအကြိမ် ထိထိရောက်ရောက် တုံ့ပြန်သတိပေးလိုက်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကစပြီး ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ရှိ မန္တလေး-ဗန်းမော် ကားလမ်းတစ်လျှောက်ကို အဓိကထားပြီး ၄၈ နာရီအတွင်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်မှာဖြစ်ကြောင်း စစ်ကောင်စီဘက်က စာကြဲထားတာတယ်လို့ သိရပါတယ်။

နီကယ်စက်ရုံကို စစ်ကောင်စီဘက်က တာဝန်ရှိတစ်ဦး လာစရာရှိတာကြောင့် လေယာဥ်နဲ့ ဧရာအရှေ့ခြမ်းကျေးရွာတွေကို ဗုံးကြဲမယ်ဆိုပြီး ပြည်သူ‌တွေကို ခြိမ်းခြောက်ထားတယ်လို့လည်း HPDF တာဝန်ရှိသူက ဆိုပါတယ်။

“သူတို့ကတော့ အာဘော်နဲ့ပဲ ခြိမ်းခြောက်တာပေါ့နော၊ ပြည်သူကို အထိတ်တလန့်ဖြစ်အောင်။ ဒါပေမယ့် ကျနော်တို့ကတော့ လက်တွေ့ကျကျ လုပ်ပစ်ရမှာပေါ့။”

တကောင်းနီကယ်စက်ရုံအနေနဲ့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက မြန်မာပြည်တွင်းမှ ထွက်ခွာသွားရတဲ့အထိ လုပ်ဆောင်သွားမယ်လို့ HPDF တွေက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖောက်ခွဲရာနေရာတွေမှာ ခြေနင်းမိုင်းနဲ့ တိုက်မိုင်းတွေ ထောင်ထားခဲ့တဲ့အတွက်  ပြည်သူ တွေအနေနဲ့ သွားရောက်လေ့လာကြည့်ရှုမှုတွေ မလုပ်ကြဖို့လည်း HPDF က သတိပေးထားပါတယ်။

တကောင်းတောင် နီကယ်စက်ရုံဟာ ဦးပိုင်နဲ့ Myanmar CINCO ကုမ္မဏီတို့ အစုရှယ်ယာ လုပ်ဆောင်တာဖြစ်ပြီး နီကယ်နဲ့ အခြားသတ္တု ၇ မျိုးထွက်ရှိတဲ့ စက်ရုံအကြီးစားဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013