DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးနှင့် ကုန်ကြမ်းမရသဖြင့် တကောင်းနီကယ်စီမံကိန်း လည်ပတ်မှုရပ်ဆိုင်း
DVB
·
September 2, 2024
ကျောက်မီးသွေးနှင့် ကုန်ကြမ်းမရသဖြင့် တကောင်းနီကယ်စီမံကိန်း လည်ပတ်မှုရပ်ဆိုင်း
Donate to DVB

တကောင်းနီကယ်စီမံကိန်းအတွက် ကျောက်မီးသွေးနဲ့ ကုန်ကြမ်းတွေ မရတော့တာကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချ အညံ့ခံခဲ့တာကြောင့် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ဇူလိုင်လကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့တာပါ။

စက်ရုံရဲ့ လုံခြုံရေးတာဝန်ကို PDF တွေက လွှဲပြောင်းရယူခဲ့ပြီးနောက်မှာ စစ်ကောင်စီက မန္တလေးဘက်ကနေ ပုံမှန်တင်ပို့နေကျဖြစ်တဲ့ ကျောက်မီးသွေးနဲ့ တခြားကုန်ကြမ်း တင်ပို့မှုတွေကို ရပ်ဆိုင်းခဲ့တာကြောင့် လက်ရှိအချိန်မှာ စက်ရုံမလည်ပတ်နိုင်တော့ဘဲ ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်နယ်လူသားစာနာအကူအညီပေးသူ ကိုရဲဂျာက “ကျောက်မီးသွေးကတော့ အရင်တုန်းက သံခွန်သင်္ဘောတွေနဲ့ အောက်ပိုင်းကနေ သယ်တယ်၊ သယ်ပြီးတော့ နီကယ်ထူးဆိပ်မှာ ချတယ်။ နောက်ပိုင်းကျတော့ သူတို့ အဲဒီလမ်းကြောင်းက အဆင်မပြေတော့တာလား၊ ဘာလဲတော့ မသိဘူး၊ သူတို့လမ်းကြောင်းတွေတော့ ရှာသေးတယ်။ ဒါပေမဲ့ သူတို့ လက်ရှိအခြေအနေအထိ ကျောက်မီးသွေးသယ်ဖို့ လမ်းကြောင်းက အဆင်ပြေမနေသေးဘူး။ ပိတ်ဆို့မှုကတော့ ဒါကတော့ ပြောရခက်တယ်။ ဘယ်ဘက်က လုပ်နေတာလဲ၊ ဘယ်အဖွဲ့အစည်းတွေက လုပ်နေတာလဲ ဆိုတာတော့ ကျနေလည်း ဂဃနဏတော့ မသိဘူး။ ကျနော် ပြောနိုင်တာကတော့ သူတို့ ကျောက်မီးသွေးသယ်ယူရေးမှာ အခက်အခဲရှိတဲ့အတွက် လုံးဝအဆင်မပြေတဲ့အတွက်ကို စက်ရုံ ရပ်နားထားရတယ်ပေါ့လေ။ စက်ရုံမလည်ပတ်နိုင်ခြင်းနဲ့ ကျောက်မီးသွေး အပါအဝင် တခြား ကုန်ကြမ်းတွေမရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်ဘက်က ဘယ်လိုစီစဉ်မလဲဆိုတာ အဲဒါကတော့ ကျနော်တို့လည်း သေချာမသိဘူးဗျ။ ဒါကတော့ ကျနော်တို့လည်း လက်လှမ်းမမီတဲ့အပိုင်း ဖြစ်နေတာလေ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကုန်ကြမ်းမတင်ပို့တော့တဲ့ လုပ်ရပ်ဟာ PDF တွေ စီမံကိန်းကို ထိန်းချုပ်ပြီးနောက်မှာ လုပ်ငန်းဆက်မလည်ပတ်နိုင်ဘဲ အကြပ်ရိုက်စေချင်တာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

တိုက်ပွဲဖြစ်စဉ်တွေအရ စစ်ကောင်စီက သူတို့ပိုင်နက်နေရာတခုကို စွန့်လွှတ်ရရင် လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စစ်ကြောင်းပြန်ထိုးဖို့ ကြိုးစားတာတွေလုပ်လေ့ရှိခဲ့ပေမဲ့ တကောင်းနီကယ်တရုတ်စီမံကိန်းကို လက်လွှတ်ရပြီးနောက်မှာတော့ အဲ့ဒီလိုလက်တုံ့ပြန်တာတွေ မပြုလုပ်ခဲ့ပါဘူး။ 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကျနော် သိရသလောက်ကတော့  တရုတ်ကုမ္ပဏီတခုက တရုတ်အစိုးရဆီက ချေးငွေနဲ့ လုပ်ငန်းလုပ်နေတာပါ။ အဲ့ဒီစက်ရုံအတွက် လိုအပ်တဲ့ လျှပ်စစ်မီးကိုတော့ ရွှေလီဓာတ်အားပေးစက်ရုံကနေ တိုက်ရိုက်ပေးပို့တယ်လို့ သိရပါတယ်။  မြန်မာ့လျှပ်စစ်လုပ်ငန်းနဲ့ လုံးဝမပတ်သက်ဘူးလို့လည်း သိရတယ်။  နီကယ်စက်ရုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အကျိုးအမြတ် မရှိသလောက်ဘဲလို့လည်း သိရပါတယ်။ တပ်ဘက်က တပ်ဖွဲ့တွေ နောက်ဆုတ်သွားတဲ့အတွက် တော်လှန်ရေးတပ်တွေက သွားသိမ်းလိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။ နီကယ်စက်ရုံကို သွားသိမ်းပိုက်လိုက်ခြင်းအားဖြင့် ထောင်ချောက်ထဲကို ကျဆင်းသွားတယ်လို့ မြင်မိပါတယ်။ အဲဒီစက်ရုံနဲ့ပတ်သက်ပြီးတော့ အကျပ်ကိုင်တာမျိုးကို မလုပ်သင့်ပါဘူး။ ဒါက အင်မတန်မှပဲ စဉ်းစဉ်းစားစားလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ NUG အနေနဲ့ စကားပြောမယ်ဆိုရင်လည်း တရုတ်အစိုးရဘက်က ပြောမှာမဟုတ်ဘဲ ကုမ္ပဏီဘက်ကပဲ ပြောမှာ ဖြစ်ပါတယ်။ ကျနော် ဒီမှာပြောချင်တာကတော့ အဓိကကတော့ တရုတ်နဲ့ပတ်သက်လာရင် ဆင်ဆင်ခြင်ခြင်နဲ့ သတိထားပြီးတော့ လုပ်သင့်တယ်လို့မြင်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၈၅၅ သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းနီကယ် စီမံကိန်းနယ်မြေအနီးတဝိုက်မှာ ၂၀၂၃ ဇန်နဝါရီလကတည်းက PDF တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့မှုတွေရှိခဲ့ပြီး စီမံကိန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမလုပ်ဖို့ NUG က ဒေသတွင်း PDF တွေကို စည်းကမ်းသတ်မှတ်ထိန်းချုပ်ခဲ့ပါတယ်။ 

တကောင်းနီကယ်စီမံကိန်းကို ထိန်းချုပ်ပြီးနောက် တရုတ်အစိုးရနဲ့ ဆွေးနွေးမှုတွေရှိနေပေမဲ့ သံတမန်ရေးအရ ဆွေးနွေးချက်တွေနဲ့ ၂ ဖက် လိုလားချက်တွေကို NUG ဘက်က ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ 

ထီးချိုင့်နယ်လူသားစာနာအကူအညီပေးသူ ကိုရဲဂျာက “ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကတော့ သူတို့အခုအချိန်အထိ လစာပေးချေနေတုန်း၊ ရှေ့ဆက်ပြီး ရေရှည်နားရမယ်ဆိုရင်တော့ သူတို့ ဘယ်လိုစီစဉ်မလဲ မသိသေးဘူး၊ ဒီလိုပဲစက်ရုံက ရပ်ရဖူးတယ်ပေါ့လေ။ ဒါရောဆိုရင် ၃ ကြိမ်ရှိပြီ ရပ်ရတာပေါ့လေ။ အရင်အသုတ်တွေတုန်းကဆိုရင် စက်ရုံရပ်ရတဲ့အချိန်မှာ နားရတဲ့ ဝန်ထမ်းတွေကို စားဝတ်နေရေးအတွက်ဆိုပြီးတော့ အထိုင်ကြေးပုံစံမျိုးပေးခဲ့တာရှိတယ်။ အခုလည်း အဲ့ဒီလိုပေးမယ်လို့ ကျနော် ကြားရတယ်၊ ဘယ်ရွေ့ ဘယ်လောက် ဘယ်ပမာဏ ဆိုတာတော့ ကျနော်လည်း လက်ရှိအချိန်အထိ မသိရသေးဘူး။ ဒါဝန်ထမ်းတွေရဲ့ စားဝတ်နေရေးပေါ့” လို့ ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေနဲ့ပတ်သက်ပြီး NUG မှာ ပြတ်သားတဲ့မူဝါဒရှိခဲ့ပြီး လက်ရှိ အချိန်မှာလည်း အပြောင်းအလဲမရှိဘဲ တတ်နိုင်တဲ့ဘက်က အကာအကွယ်ပေးသွားမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောဆိုထားပါတယ်။ 

မြန်မာနိုင်ငံအတွင်း မြစ်ဆုံ၊ လက်ပံတောင်းတောင်၊ ကျောက်ဖြူ၊ တကောင်းနီကယ်စီမံကိန်းတို့လို အကြီးစားလုပ်ငန်းတွေကို ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၅ အလွန် NLD အစိုးရလက်ထက်မှာလည်း ဆက်လက်အသိအမှတ်ပြုဆောင်ရွက်ခဲ့တာပါ။ 

စီမံကိန်းတွေနဲ့ပတ်သက်တဲ့ NUG ရဲ့ မူဝါဒကတော့ တရားဝင်အစိုးရတွေ လက်ထက်မှာ အတည်ပြုထားတဲ့ လုပ်ငန်းတွေအားလုံးကို အသိအမှတ်ပြုကာကွယ်ပေးမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဖို့ကိုတော့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013