DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စက်ရုံ မလည်ပတ်နိုင်သဖြင့် ဒေါ်လာသန်းရာချီနစ်နာ 
DVB
·
January 3, 2026
တကောင်းနီကယ်စက်ရုံ မလည်ပတ်နိုင်သဖြင့် ဒေါ်လာသန်းရာချီနစ်နာ 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံဟာ အချိန်တနှစ်ကျော်ကြာအောင် မလည်ပတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီ နှစ်ဖက်စလုံးက ဒေါ်လာသန်းရာနဲ့ချီပြီး နစ်နာမှုရှိနိုင်တယ်လို့ စီမံကိန်းနဲ့နီးစပ်တဲ့ ဒေသခံတွေက ခန့်မှန်းပါတယ်။

တကောင်းနီကယ်စီမံကိန်းဟာ ဒေသကာကွယ်ရေးအဖွဲ့တွေ ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့တဲ့  ထီးချိုင့်မြို့နယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ 

တရုတ်-မြန်မာဖက်စပ် Myanmar CNICO လုပ်ငန်းစုအနေနဲ့ ဒေါ်လာ သန်း ၈၅၀ ကျော် တကောင်းစီမံကိန်းထဲမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး တနှစ်မှာ နီကယ်တန်ချိန်  ၈၅,၀၀၀ ကျော် ထုတ်ယူဖို့ ပြင်ဆင်ခဲ့တာပါ။ 

လတ်တလောမှာ Myanmar CNICO လုပ်ငန်းစုဟာ တကောင်းနီကယ်စီမံကိန်းက ဝန်ထမ်းအများစုကို အနားပေးတာ၊ လျှော့ချတာတွေပြုလုပ်ခဲ့ပြီး စက်ရုံမှာ အစောင့်ဝန်ထမ်းလောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။

စစ်အာဏာမသိမ်းခင် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ တကောင်းနီကယ်စီမံကိန်းကနေ ဒေါ်လာ ၁၂၁ သန်းအထိ စစ်တပ်က အကျိုးအမြတ်ရခဲ့တယ်လို့ ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တကောင်းနီကယ်စီမံကိန်းကနေ ပုံမှန်ဝင်ငွေမရတဲ့အတွက် တရုတ်ကုမ္ပဏီနဲ့ စစ်ကောင်စီနှစ်ဖက်စလုံးက ဒေါ်လာသန်း ရာနဲ့ချီပြီး နှစ်စဉ်ဆုံးရှုံးမှုဖြစ်လိမ့်မယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။ 

တကောင်းဒေသခံတယောက်က “လောလောဆယ် ဒီစက်ရုံမှာ သူတို့အတွက် ဘာမှ ထုတ်လုပ်မှု မလုပ်နိုင်နေတာကိုက သူတို့အတွက် အရှုံးပဲဗျာ။ ပြီးခဲ့တဲ့အာဏာသိမ်းတဲ့ ၂၀၂၁-၂၂ ကနေစပြီးတော့ သူတို့ သတ္တုတွေထုတ်တယ်ဗျာ၊ ၂၀၂၂ ဇန်နဝါရီလမှာ မီးတိုင်အချိုးခံရပြီးတော့ ၃-၄ လလောက် နားသွားတယ်။ ပြီးတော့ ၂၀၂၄ လောက်အထိ ပြန်လည်တယ်၊ လည်ပေမဲ့ ဘာလဲဆိုတော့ သူတို့ဒီကနေ ထွက်လာတဲ့ကုန်တွေကို အခုအချိန်အထိ ထုတ်မရောင်းရဘူးဗျာ၊ နီကယ်စက်ရုံထဲမှာရှိတယ်ဆိုတာကို။ ဒါပွင့်ပွင့်လင်းလင်းပြောရရင် မလည်တာထက်ကို သူတို့ အတွက် လည်ပြီးတော့ ပိုက်ဆံမရတာက ပိုပြီးတော့ စီးပွားရေးအကျပ်အတည်းကို ထိစေတယ်ဗျာ၊ ကုန်ပစ္စည်းတွေက အခုအချိန်အထိ တကောင်းနီကယ်စက်ရုံဝန်းထဲမှာ ရှိနေသေးတဲ့အခြေအနေမှာ ကျနော့် အမြင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း တကောင်းနီကယ်စက်ရုံကနေ ကြီးကြီးမားမား မရဘူးထင်တယ်၊ ထွက်လာတဲ့ ကုန်ပစ္စည်းတွေကို အခုအချိန်အထိ ထုတ်မရောင်းရဘူး၊ ဝင်ငွေ မရတဲ့အပြင် တရုတ်ကုမ္ပဏီက ငွေတွေပါ ဒီအထဲမှာ အလုံးအရင်းနဲ့အောင်းနေတယ်လို့ အဲဒီလိုပဲ သုံးသပ်တယ်” လို့ ပြောပါတယ်။

တကောင်းနီကယ်စက်ရုံအပါအဝင် စစ်ကိုင်းတိုင်းထဲက တရုတ်-မြန်မာဖက်စပ် သတ္တုတူးဖော်ရေးစီမံကိန်း ၃ ခုစလုံးဟာ မလည်ပတ်နိုင်တဲ့အတွက် တရုတ်နဲ့စစ်ကောင်စီဘက်က နစ်နာမှု ကြီးကြီးမားမားရှိနေတာလည်းဖြစ်ပါတယ်။ 

ဆားလင်းကြီးနယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆီ လျှပ်စစ်မီးပေးနေတဲ့ မဟာဓာတ်အားလိုင်းကိုလည်း  မြင်းမူနယ်၊ လက်ပံကျေးရွာနဲ့ ဂရုကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၂၈ ရက်မှာ  မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲအတွက် ဝမ်ပေါင်ကြေးနီစီမံကိန်းကို အချိန် ၂ လနား ထားတာကြောင့် လတ်တလောလျှပ်စစ်ဓာတ်အားလိုင်းပြတ်တောက်မှုဟာ လုပ်ငန်းလည်ပတ်မှုအပေါ်  သက်ရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ပေါင်ကြေးနီစီမံကိန်းဟာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ မူရင်းလည်ပတ်မှုရဲ့ ၅၀ ရာခိုင်နှုန်းအောက်ဝန်းကျင်ပဲ လည်ပတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၄၁၇ သန်းအထိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ ဝင်ငွေရခဲ့တာဖြစ်တဲ့အတွက် ဒီစီမံကိန်းကနေလည်း တရုတ်နဲ့စစ်တပ် နှစ်ဖက်စလုံးက နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဆားလင်းကြီးဒေသခံကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ဝမ်ပေါင်ကုမ္ပဏီက အဲဒီမီးပျက်သွားလို့၊ ခါတိုင်းမီးပျက်သွားရင်တော့ သူတို့ဆီမှာရှိတဲ့ စက်တွေနဲ့မောင်းပြီးအလုပ်လုပ်တာ၊ သူတို့အပေါ် သက်ရောက်မှုမရှိဘူးပေါ့ အခုအချိန်က၊ ဘာကြောင့်လဲဆို သူတို့က အလုပ်ကို ၂ လနားထားမယ် ရွေးကောက်ပွဲအတွက်ဆိုပြီးတော့၊ အလုပ်သမားတွေရော နားနေတဲ့အချိန်ရောက်တော့ သူတို့က အလုပ်အပေါ်မှာကိုတော့ အာရုံမစိုက်ဘူးပေ့ါဗျာ။ မဲဘက်ပဲအာရုံစိုက်နေတယ်ဆိုတော့ သူတို့မှာ သက်ရောက်မှုမရှိဘူးပေါ့။ ကျနော်တို့က ဒီတရုတ်ကိုလည်း မျက်ခြည်မပြတ်ကြည့်နေရမှာပဲ၊ သူတို့ ဒီကြေးနီတောင် ဝမ်ပေါင် တို့ ယန်စီတို့က အလုပ်မလုပ်ဘူးဆိုရင်တောင်ပဲ တရုတ်နဲ့ပတ်သက်ပြီးတော့ ဘယ်နားမှာ ဘာအလုပ်လုပ်တယ်ဆိုတာ အလေးထားပြီးကြည့်နေရမှာ။ ဘာလို့ဆို စစ်ကောင်စီရဲ့ နောက်က ထောက်တိုင်က တရုတ်က အဓိကဖြစ်နေတာကိုး။ အဲဒီတော့ ကျနော်တို့က တရုတ် ယန္တရားမှန်သမျှကို ရပ်တန့်အောင်လို့ ဖြတ်လေးဖြတ် ဖြစ်ဖြစ် ရတဲ့နည်းနဲ့ဖြတ်ရမှာပေါ့ဗျာ”လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ဟာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းထဲက သတ္တုတူးဖော်ရေးလုပ်ငန်း ၃ ခုကနေ ဒေါ်လာ ၇၂၅ သန်းအထိ အကျိုးအမြတ်ရခဲ့တယ်လို့ ဩစတြေးလျ အခြေစိုက် Publish What You Pay အဖွဲ့က ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အစီအရင်ခံစာထုတ်ပြန်ခဲ့တာပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နဲ့ကြေးစင်တောင် စီမံကိန်းကနေ ဒေါ်လာ ၁၈၇ သန်း၊ တကောင်းတောင် နီကယ်စီမံကိန်းကနေ ဒေါ်လာ ၁၂၁ သန်း ဝင်ငွေရခဲ့တယ်လို့ အစီအရင်ခံစာက ဖော်ပြပါတယ်။

လုပ်ငန်းသဘောတူစာချုပ်တွေအရ တရုတ်ကုမ္ပဏီတွေဘက်က ငွေကြေးနဲ့နည်းပညာစိုက်ထုတ်ပြီး အကျိုးအမြတ်ရာခိုင်နှုန်းပိုယူခဲ့တာဖြစ်တဲ့အတွက် စစ်ကိုင်းဒေသတွင်း စစ်ရေးပြဿနာတွေကြောင့် နစ်နာမှုမှာလည်း သူတို့ဘက်က တန်ဖိုးပမာဏ ပိုများမဲ့ အခြေအနေဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013